ဘန်ကောက်၊ စမ်ဆန်လမ်းမပေါ်မှာ မြေကျွံပြီးနောက် အဲဒီနေရာနဲ့ ၂ ကီလိုမီတာသာ ဝေးတဲ့ နောက်တစ်နေရာမှာပါ လမ်းက ရေစိမ့်ပြီး ဖောင်းကြွလာတာကို တွေ့ရလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းက ဝဇိရဆေးရုံရှေ့မှာ လမ်းမကြီးက ဧရာမကျင်းကြီးလို ကျွံကျ သွားခဲ့ပါတယ်။ အဲဒီလို မဖြစ်ခင်မှာလည်း လမ်းပေါ်မှာ ရေတွေ စိမ့်ထွက်နေပြီး လမ်းက ပုံမှန်မဟုတ်ဘူးလို့ သတိထားမိခဲ့ကြပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းမှာတော့ ဝဇီရာဆေးရုံရှေ့က နေရာနဲ့ ၂ ကီလိုမီတာလောက် ဝေးတဲ့ စမ်ဆန်လမ်းတစ်နေရာ မှာ လမ်းမျက်နှာပြင်ပေါ် ရေတွေ စိမ့်ထွက်လာပြီး လမ်းက ဖောင်းကြွလာတာကို တွေ့ရတာကြောင့် အာဏာပိုင်တွေက စိုးရိမ်တဲ့အတွက် အဲဒီနေရာကို အတားအဆီးတွေနဲ့ ကာရံထားတယ်လို့ ဆိဆိုပါတယ်။ ဒီနေရာဟာ တာဝ်ပွန်း-ရတ်ဘူရဏ ခရမ်းရောင် လျှပ်စစ်ရထားလမ်း မြေအောက် တူးဖော်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပြီး  ဝဇီရာဆေးရုံမှ ၂ ကီလိုမီတာသာဝေးတယ်လို့ သိရပါတယ်။  ၂ ရက် ၃ ရက်လောက် ကတည်းက ရေတွေ စိမ့်ထွက်နေပြီး မြေအောက်ရေရဲ့ ဖိအားကြောင့် လမ်းက ဖောင်းကြွလာတာပါ။

ဒေသခံတွေရဲ့ ပြောကြားချက်အရအနီးနားက ဝက်သားဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ယောက်က မနက်အစောပိုင်းမှာ ကားဖြတ်သွားတဲ့အခါ လမ်းပေါ်ကနေ ရေတွေ ပုံမှန်မဟုတ်ဘဲ အများကြီး စိမ့်ထွက်လာတာကို တွေ့ရတယ်လို့ ပြောပါတယ်။ မိုးလည်းမရွာတဲ့အတွက် မြေအောက်ကရေ ဖြစ်မယ်လို့ ယူဆကြပြီး အခြေအနေ ဆိုးလာမှာကို စိုးရိမ်လို့ သက်ဆိုင်ရာကို ဖုန်းဆက် အကြောင်းကြားခဲ့တာပါ။

လမ်းမြေကျွံတဲ့နေရာနဲ့ နီးပေမဲ့ လက်ရှိအခြေအနေမှာတော့ တိုက်ရိုက်မသက်ဆိုင်နိုင်သေးဘူး လို့ ရထားလမ်းအရာရှိတွေက ပြောပါတယ်။ ဘာကြောင့်လဲဆိုတာကို သေချာစစ်ဆေးဖို့ အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။ ရေပေးဝေရေးဌာနကတော့ ရေစိမ့်ထွက်တဲ့နေရာက ရေကို နမူနာယူပြီး ကလိုရင်း စစ်ဆေးခဲ့ရာ ကလိုရင်း မပါဝင်တာကို တွေ့ရတာကြောင့် သောက်သုံးရေပိုက်လိုင်းပေါက်တာ မဖြစ်နိုင်ဘူးလို့ ယူဆကြပါတယ်။ ပိုက်လိုင်းတွေက လူသွားစင်္ကြံအောက်မှာ ရှိတဲ့အတွက် ရေဖိအားများရင် စင်္ကြံကနေ ထွက်သင့်တယ်လို့လည်း ရှင်းပြပါတယ်။

အဓိက ခန့်မှန်းချက်အနေနဲ့ ဒီရေဟာ အစိုးရအဖွဲ့အစည်းတစ်ခုရဲ့ ရေထိန်းကန်ကနေ လာတာ ဖြစ်နိုင်ပြီး ရေထုတ်တဲ့အခါ ဖိအားများတာ ဒါမှမဟုတ် ရေထိန်းကန် ပျက်စီးနေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ဒေသခံတွေကတော့ လုံခြုံရေးအတွက် ရေနဲ့မီးစတဲ့ အရေးပေါ်အခြေအနေတွေကို ကြိုတင်ပြင်ဆင်ထားပြီး လိုအပ်ရင် အိမ်ရွှေ့ဖို့အထိပါ စဉ်းစားထားကြတယ်လို့ Thairath သတင်းအရသိရပါတယ်။

Share.
Leave A Reply

Exit mobile version