ထိုင်းနိုင်ငံ၊ ပတ္တရားကမ်းခြေမှာ အသက် ၃၄ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့က အမှုမှန်ပေါ်ဖို့ စစ်ဆေးနေပါတယ်။ သေဆုံးသူဟာ မြတ်သက်သူ လို့ သိရပြီး စက်တင်ဘာလ ၂၅ ရက် ည ၁၁ နာရီလောက်မှာ ပတ္တရားကမ်းခြေ (Soi 13) အနီး ပင်လယ်ရေပေါ် မျောနေတာကို တွေ့ခဲ့တာပါ။ရဲတပ်ဖွဲ့ရဲ့ ခန့်မှန်းချက်အရ သူဟာ ခုနစ်နာရီခန့် ကတည်းက သေဆုံးနေတာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
သေဆုံးသူနဲ့ နှစ်ရက်ခန့်သာ တွေ့ဆုံခဲ့ဖူးတဲ့ ထိုင်းနိုင်ငံသား ဆုသီဖုန်း က သူတို့နှစ်ဦးဟာ နေ့လယ်ခင်းမှာ ကမ်းခြေမှာ အတူတူ အရက်သောက်ခဲ့ကြကြောင်း ရဲကို ပြောပါတယ်။မြတ်သက်သူက အစက မိမိကိုယ်ကို စင်ကာပူနိုင်ငံကလို့ ပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံကဖြစ်ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ ညနေ ၄ နာရီလောက်မှာ မြတ်သက်သူက ရေဆင်းကူးမယ် လို့ ပြောပြီး ရေထဲဆင်းသွားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဆုသီဖုန်းကတော့ သူငယ်ချင်းအသစ်က အဆောင်ကို ပြန်သွားပြီလို့ ထင်နေခဲ့တာကြောင့် ညဘက် သတင်းမကြားခင်အထိ ဘာမှမသိခဲ့ဘူးလို့ ပြောပြပါတယ်။
ရဲတပ်ဖွဲ့က သေဆုံးရတဲ့ အဓိကအကြောင်းရင်းကို ရှာဖွေနေပြီး အရက်မူးယစ်ပြီး မတော်တဆ ရေနစ်သေဆုံးတာ ဖြစ်နိုင်တယ်လို့ သံသယရှိပါတယ်။ ဒါပေမဲ့ လူသတ်မှုလိုမျိုး ပြစ်မှုကျူးလွန်ခံရတာ ဖြစ်နိုင် မဖြစ်နိုင်ကိုလည်း အတိအကျ ပယ်ချထားခြင်း မရှိသေးပါဘူး။အမှန်တကယ် ဘာကြောင့်သေဆုံးရသလဲဆိုတာ သိရဖို့အတွက် ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးပြီး အရက်ပမာဏ စစ်ဆေးမှုရလဒ် ကို စောင့်ဆိုင်းနေတယ်လို့ Thaiger သတင်းမှာ ဖော်ပြထားပါတယ်။ ဒီဖြစ်ရပ်ဟာ ပတ္တရားကမ်းခြေမှာ အရက်သေစာနဲ့ ပတ်သက်တဲ့ မတော်တဆမှုတွေ ပိုဖြစ်လာနေတာကို ပြသနေပြီး ကမ်းနားမှာ အရက်သောက်ခြင်းနဲ့ ခရီးသွားတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ပူပန်မှုတွေ တိုးလာစေပါတယ်။