ထိုင်းနိုင်ငံ ဖူးခက်ရှိ ချလောင်းပင်လယ်အော်မှာ ကျောက်ချထားတဲ့ ခရီးသွားသင်္ဘောတစ်စီးပေါ်မှ မူးယစ်ဆေး မက်သမ်ဖတ်တမင်း ၅၀၀ ကီလိုဂရမ်ကျော် ကို စက်တင်ဘာ ၂၄ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်မှာ အသက် ၆၁ နှစ်အရွယ် မြန်မာနိုင်ငံသား သင်္ဘောကပ္ပတိန် တစ်ဦးပါဝင်ပတ်သက်ခဲ့ပြီး ဖမ်းဆီးမှုအတွင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးစဥ်မှာ ကပ္ပတိန်ဘတ် ဟု သိရှိရသူ မြန်မာနိုင်ငံသား သင်္ဘောကပ္ပတိန်က ရဲတွေလက်မှ ထွက်ပြေးရန် ပင်လယ်ထဲသို့ ခုန်ချခဲ့တာကြောင့် ရေထဲမှ ကယ်ဆယ်ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ၎င်းတို့က မက်သမ်ဖက်တမင်း ၁ တန်ကို မြန်မာနိုင်ငံ ကော့သောင်းမြို့မှ သယ်ဆောင်လာခဲ့ပြီး ထက်ဝက်ခန့်ကို စတူးန် (Satun) ခရိုင် ရှိ အေးဂျင့်တစ်ဦးထံသို့ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ကျန်ရှိတဲ့ မူးယစ်ဆေးတွေကိုတော့ နိုင်ငံတကာရေပိုင်နက်သို့ ပို့ဆောင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အာဏာပိုင်တွေက မြန်မာကပ္ပတိန်မှလွဲပြီး သင်္ဘောသား သုံးဦး ကို ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းကာ သင်္ဘောကို စစ်ဆေးနေတယ်လို့ သိရပါတယ်။