မြန်မာနိုင်ငံမှ မဟုတ်ဘူး။ ထိုင်းမှာလည်း အွန်လိုင်းက လိမ်တာတွေ အရမ်းကိုမှ များပါတယ်။ အလုပ်ရမယ်လို့ လိမ်တာ၊ ဘဏ်အကောင့်လိမ်တာ၊ ထီပေါက်တယ်၊ ကံစမ်းမဲ ပေါက်တယ်ဆိုပြီး လိမ်တာ အစုံရှိပါတယ်။
၁။ အလုပ်ရမယ်လို့ လိမ်တာ
- အွန်လိုင်းမှာတွေ့ရတဲ့ အလုပ်ကြော်ငြာတိုင်းကို မယုံပါနဲ့။ အထူးသဖြင့် လွယ်လွယ်နဲ့ ဝင်ငွေကောင်းတယ်လို့ ပြောတဲ့ကြော်ငြာတွေကို ပိုပြီးသတိထားပါ။
- အလုပ်မဝင်ရသေးခင်မှာပဲ လျှောက်လွှာကြေး၊ အာမခံကြေး၊ ဗီဇာကြေး စသဖြင့် ပိုက်ဆံကြိုတောင်းရင် ဒါဟာ လိမ်လည်မှုဖြစ်နိုင်ပါတယ်။ တကယ့်အလုပ်ရှင်တွေက ဒီလိုငွေမတောင်းပါဘူး။ ဘယ်တော့မှ ငွေကြိုမပေးပါနဲ့။
၂။ ဘဏ်အကောင့် ခိုးယူတာ
သင့်ဘဏ်အကောင့်ထဲက ပိုက်ဆံတွေကို ခိုးယူဖို့အတွက် လိမ်လည်သူတွေက နည်းအမျိုးမျိုးသုံးကြပါတယ်။
- ဘဏ်ဝန်ထမ်းအဖြစ် ဟန်ဆောင်ပြီး သင့်ရဲ့ ဘဏ်အကောင့်နံပါတ်၊ လျှို့ဝှက်နံပါတ် (PIN) (ဒါမှမဟုတ်) တစ်ခါသုံးကုဒ် (OTP) တွေကို တောင်းလာနိုင်ပါတယ်။ ဘဏ်တွေက ဒီလိုအချက်အလက်တွေကို ဘယ်တော့မှ ဖုန်းနဲ့ မတောင်းပါဘူး။
- သင့်ဘဏ်ကနေ ပို့လိုက်တာပါဆိုပြီး အီးမေးလ် ဒါမှမဟုတ် စာတိုနဲ့ လင့်ခ်ပို့တာမျိုးပါ။ အဲဒီလင့်ခ်ကို နှိပ်လိုက်တာနဲ့ သင့်ဘဏ်အကောင့်အချက်အလက်တွေ ခိုးယူခံရနိုင်ပါတယ်။ ဘဏ်ဝက်ဘ်ဆိုဒ်ကို ကိုယ်တိုင်ရိုက်ထည့်ပြီးမှသာ ဝင်ပါ။
၃။ ကိုယ်ရေးကိုယ်တာ အချက်တွေ ခိုးတာ
ဒါကတော့ လိမ်လည်သူတွေက ဘဏ်၊ ကုမ္ပဏီ (ဒါမှမဟုတ်) အဖွဲ့အစည်းကြီးတွေလို ဟန်ဆောင်ပြီး သင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ခိုးယူတာမျိုးပါ။
- မရင်းနှီးတဲ့ လင့်ခ်တွေကို မနှိပ်မိပါစေနဲ့။ဘဏ်တွေက သင့်ရဲ့ လျှို့ဝှက်နံပါတ်တွေကို ဖုန်းနဲ့ဖြစ်စေ၊ အီးမေးလ်နဲ့ဖြစ်စေ လုံးဝ မတောင်းပါဘူး။
- အီးမေးလ်ပို့သူရဲ့ လိပ်စာကို သေချာကြည့်ပါ။ စာလုံးပေါင်းမှားနေရင် ဒါမှမဟုတ် မရင်းနှီးတဲ့ လိပ်စာဆိုရင် သတိထားပါ။
၄။ ထီပေါက်တယ်ဆိုပြီး လိမ်တာ
မထင်မှတ်ဘဲ ဆုငွေတွေ၊ ထီပေါက်တာတွေ ရထားတယ်လို့ပြောပြီး ငွေလွှဲခ (ဒါမှမဟုတ်) အခြားအခွန်အခတွေ ကြိုတင်ပေးဖို့ တောင်းဆိုတာမျိုးပါ။ ဒီလိုပြောလာရင် လုံးဝမယုံပါနဲ့။ ဘယ်သူ့ကိုမှ မသိဘဲ ငွေမလွှဲပါနဲ့။
၅။ ခြိမ်းခြောက်ငွေညှစ်တာ
အွန်လိုင်းကနေ သင့်ရဲ့ ကိုယ်ရေးကိုယ်တာပုံတွေ၊ ဗီဒီယိုတွေနဲ့ အချက်အလက်တွေကို တင်မယ်ဆိုပြီး ငွေညှစ်တာမျိုးတွေပါ။
- အွန်လိုင်းမှာ သိတဲ့သူတွေကို လွယ်လွယ်မယုံပါနဲ့။
- ကိုယ်ရေးကိုယ်တာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို မပေးပါနဲ့ ။
- တစ်စုံတစ်ယောက်က ခြိမ်းခြောက်လာရင် ချက်ချင်း ရဲကို တိုင်ကြားပါ။
ဒီအချက်တွေကို သတိထားပြီး အင်တာနက်ကို သုံးမယ်ဆိုရင် လိမ်လည်မှုတွေကနေ ကာကွယ်နိုင်ပါလိမ့်မယ်။ အင်တာနက်လုံခြုံရေးအတွက် ကိုယ်ကိုယ်တိုင် သတိထားတာက အကောင်းဆုံးပါပဲ။