ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဧကချိုင်ဘန်း‌ဘော၊ ၆၆/၆ လမ်းမှာရှိတဲ့ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၄ ဦးဟာ ၎င်းတို့ရဲ့ အလုပ်ရှင်က လုပ်ခလစာနဲ့ ပန်းရောင်ကတ်ကို မပေးတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ အလုပ်သမားတွေဟာ ဒီစက်ရုံမှာ တစ်နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့ကြပြီး လစာမမှန်တာကြောင့် အလုပ်ကနေ ထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အလုပ်ရှင်ဖြစ်သူက ကျန်ရှိနေတဲ့ လုပ်ခလစာ ဘတ်ငွေ ၄၀,၀၀၀ ကျော်နဲ့ ပန်းရောင်ကတ်တွေကို ပြန်မပေးတဲ့အတွက် အလုပ်သစ်ရှာဖွေရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ကြရတာကြောင့် ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အလုပ်သမားတွေက WAG အဖွဲ့ကို အကူအညီတောင်းခံခဲ့ရတယ်လို့ သိရပါတယ်။ 

“သူဌေးက မြန်မာလူမျိုးပါ။ အလုပ်သမားတွေကို အလုပ်ထွက်မှာစိုးလို့ အထောက်အထားတွေကို သိမ်းထားတာပါ။ လက်ရှိမှာတော့ လစာတွေပေးပြီးတဲ့အချိန်အထိ အလုပ်ကပေးတဲ့အဆောင်မှာပဲ နေခွင့်ပေးထားရမယ်။ တကယ်လို့ အဆောင်မှာပေးမနေဘူးဆိုရင် အပြစ်က ပိုကြီးသွားမှာပါ ။ ၇ ရက်နေ့မှာ တော့ ကျန်တဲ့လစာတွေကို ပေးဖို့သဘောတူထားပါတယ်။” လို့ WAG Myanmar က ကိုမုန်တိုင်းက ပြောပါတယ်။ 

WAG အဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့မှာ အလုပ်သမားတွေနဲ့အတူ မြို့နယ်အလုပ်သမားရုံးကို သွားရောက်ပြီး အလုပ်ရှင်နဲ့ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းမှုရလဒ်အရ အလုပ်ရှင်က အလုပ်သမားတွေရဲ့ ပန်းရောင်ကတ်တွေကို ချက်ချင်းပြန်ပေးခဲ့တယ်လို့ သိရပါတယ်။ ကျန်ရှိနေတဲ့ လုပ်ခလစာတွေကိုတော့ စက်တင်ဘာလ ၇ ရက်နေ့မှာ ပေးချေဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ 

Share.
Leave A Reply

Exit mobile version