ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီခရိုင်မှာ ကြိုတင်သတင်းရထားတာကြောင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေက သွားရောက် စောင့်ကြည့်ခဲ့ရာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၄၃ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သတင်းရထားတဲ့နေရာကို သွားရောက်စစ်ဆေးခဲ့ရာကနေ ကားလမ်းဘေးအမှိုက်ပုံနားမှာ ရပ်ထားတဲ့ ဗင်ကားတစ်စီးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါ ဗင်ကားကို စစ်ဆေးကြည့်တဲ့အခါ ခရီးသည်တင်ဆောင်တဲ့နေရာမှာ အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၄၃ ဦးကို ကျပ်ကျပ်ညပ်ညပ် ထည့်ထားတာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းဘာသာစကားကို မပြောတတ်ကြဘဲ တရားဝင်အထောက်အထားစာရွက်စာတမ်းတွေလည်း မပါရှိဘူးလို့ သိရပါတယ်။

ဘာသာပြန်ရဲ့ အကူအညီနဲ့ စစ်ဆေးမေးမြန်းကြည့်ရာမှာတော့ ဖမ်းဆီးရမိသူတွေဟာ ပဲခူးနဲ့ ရန်ကုန်ကနေ လာကြတာဖြစ်ပြီး ဘန်ဘောဂျပန် သဘာဝလမ်းကြောင်းအတိုင်း ဝင်ရောက်လာကြတာလို့ ထွက်ဆိုပါတယ်။ သူတို့ကို ပို့ဆောင်ပေးမယ့် ဗင်ကားသမားကိုတော့ မမိလိုက်ဘဲ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။မြန်မာ ၄၃ ဦးဟာ ထိုင်းနိုင်ငံ စမွတ်ဆာခွန်၊ ချွန်ဘူရီနဲ့ ဘန်ကောက်မြို့တွေမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးကို ၁၄,၀၀၀ ဘတ် ကနေ ၂၀,၀၀၀ ဘတ်အထိ ပေးရတယ်လို့လည်း ထွက်ဆိုခဲ့ကြပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိသူ ၄၃ ဦးနဲ့ ဗင်ကားကို ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဆက်စပ်သူတွေကို ဖော်ထုတ်နိုင်ဖို့အတွက်လည်း ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း – ชารเด่นภูมิภาคทั่วไทย กาญจนบุรี

Share.
Leave A Reply

Exit mobile version