ထိုင်းနိုင်ငံ၊ ချာချွန်ဆောင်းခရိုင်မှာ ဆိုင်ကယ်ခိုးယူကာ ATM စက်တွေကို ဖျက်ဆီးပြီး ငွေထုတ်ဖို့ ကြိုးပမ်းခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မြန်မာအမျိုးသားတစ်ဦးက ဇနီးနဲ့ စကားများပြီး အိမ်ပေါ်ကနေ ဆင်းလာခဲ့ပြီးနောက် လမ်းမှာ သော့တန်းလန်းနဲ့ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီခိုးယူထားတဲ့ ဆိုင်ကယ်ကို စီးပြီး ချာချွန်ဆောင်းခရိုင်ကို ရောက်လာချိန်မှာ ATM စက် ၃ လုံးကို ဖျက်ဆီးပြီး ငွေထုတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။ ပြီးတဲ့နောက်မှာ ခိုးယူထားတဲ့ဆိုင်ကယ်နဲ့ သူငယ်ချင်းဆီမှာ သွားရောက်နေထိုင်ရင်း စက်တင်ဘာလ ၁ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။
စစ်ဆေးမေးမြန်းမှုတွေ လုပ်ပြီးနောက် ကျူးလွန်သူက အရက်မူးပြီး ဒေါသထွက်တာကြောင့် ဒီလိုလုပ်မိခဲ့တာပါလို့ ဝန်ခံခဲ့ပါတယ်။ သူ့မှာ သက်တမ်းကုန်နေတာ ၂ နှစ်လောက်ရှိပြီဖြစ်တဲ့ ပန်းရောင် အလုပ်လုပ်ခွင့်ကတ် လည်း တွေ့ရှိခဲ့တာကြောင့် တရားမဝင် နေထိုင်မှုနဲ့ ခိုးမှုတို့နဲ့ တရားစွဲဆိုထားတယ်လို့ Ch7 သတင်းအရ သိရပါတယ်။