နောင်တရပြီး ဆေးရုံလိုက်ပို့ပေးစဉ် ဖမ်းခံရ 

မဲဆောက်မြို့နယ်မှာ မြန်မာအမျိုးသားနှစ်ယောက် အရက်အတူသောက်ရင်း မူးယစ်ဆေးဝါးကိစ္စ စကားများပြီး တစ်ယောက်က တစ်ယောက်ကို ဓားနဲ့ထိုးမိတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းမှာ အရက်မူးပြီး ရန်ဖြစ်ကာ ဓားထိုးမှု ဖြစ်ပွားကြောင်း မဲဆောက်ရဲစခန်းကို သတင်းပို့လာတာကြောင့် ရဲတွေ သွားရောက်စစ်ဆေးခဲ့တာပါ။ အခင်းဖြစ်တဲ့နေရာ ရောက်တော့ မြန်မာအမျိုးသားနှစ်ယောက်နဲ့ စက်ဘီးတစ်စီးကို လမ်းဘေးမှာ တွေ့ခဲ့ရပြီး ဓားထိုးခံရတဲ့ မြန်မာအမျိုးသားက ဗိုက်ကို လက်နဲ့ဖိပြီး သွေးတွေ ထွက်နေတာကြောင့် ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဓားနဲ့ထိုးခဲ့တဲ့ အမျိုးသားကတော့ အရက်မူးနေတဲ့ပုံစံနဲ့ပဲ လမ်းဘေးမှာ ထိုင်နေပြီး သတင်းထောက်ကို မျက်ရည်တွေနဲ့ ပြောပြပါတယ်။ သူတို့နှစ်ယောက်ဟာ အိမ်မှာ အရက်သောက်ရင်း မူးယစ်ဆေး (ယာဘ) ဝယ်တဲ့ကိစ္စ အဆင်မပြေလို့ စကားများကြရာကနေ စိတ်လိုက်မာန်ပါနဲ့ ဓားနဲ့ ထိုးမိခဲ့တာလို့ ဆိုပါတယ်။ ပြီးမှ နောင်တရပြီး ဒဏ်ရာရတဲ့သူငယ်ချင်းကို စက်ဘီးနောက်မှာ တင်ပြီး ဆေးရုံလိုက်ပို့ရင်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ 

သတင်းထောက်ကို စကားပြောနေတုန်းမှာပဲ သူငယ်ချင်းဖြစ်သူ သေသွားပြီလို့ လိမ်ပြောခံရတဲ့အတွက် ကျူးလွန်သူ မြန်မာအမျိုးသားက ရှိုက်ကြီးတငင် ငိုတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကျူးလွန်သူကို ရဲက လက်ထိပ်ခတ်ပြီး ရဲစခန်းကို ခေါ်သွားပြီဖြစ်ကာ ဥပဒေအရ အရေးယူဖို့ ဆောင်ရွက်နေပြီလို့ Ch7 သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version