ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ့်ဂျမ်မြို့နယ်မှာရှိတဲ့ ဘန်ပန်အွန်ရွာမှာ အင်္ဂါနေ့ညက ရုတ်တရက် ရေကြီးရေလျှံမှုနဲ့ ရွှံ့မြေပြိုကျမှုတွေ ဖြစ်ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးပြီး ၆ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂ ဦးနဲ့ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်ပြီး ပျောက်ဆုံးသူနဲ့ သေဆုံးသူအများစုဟာ လယ်လုပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ နေထိုင်တဲ့ အိမ်တွေဟာ ရေစီးကြမ်းတာကြောင့် မျောပါသွားခဲ့တာဖြစ်ပြီး အခြားအိမ် ၄၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

ရွာသားတွေရဲ့ ပြောကြားချက်အရ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေတွေဟာ ရွာထဲကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် ဝင်ရောက်လာခဲ့ပြီး ရွာသူရွာသား အများအပြား သတိမထားမိလိုက်ကြဘူးလို့ ဆိုပါတယ်။ အိမ်တစ်လုံး မျောပါသွားခဲ့တဲ့ ရွာသားတစ်ဦးက သူ့ရဲ့ အိမ်ပစ္စည်းအားလုံး ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။ဒေသခံအာဏာပိုင်တွေကတော့ နောက်ထပ် ရွှံ့မြေပြိုကျနိုင်တာကို စိုးရိမ်တာကြောင့် ကျန်ရစ်နေတဲ့ ရွာသားအားလုံးကို ရွာကျောင်းမှာ ယာယီဖွင့်လှစ်ထားတဲ့ ခိုလှုံရာနေရာကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂျမ်မြစ်နဲ့ မြစ်လက်တက်အချို့လည်း ရေလျှံခဲ့တာကြောင့် ရွာအတော်များများမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပြီး ရေစီးကြမ်းတဲ့ ချောင်းတွေကို ဖြတ်ကူးနိုင်ဖို့အတွက် ဒေသခံအရာရှိတွေက ကြိုးတွေ တန်းပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မယ်ဟောင်ဆောင်ခရိုင်၊ မြောင်မြို့နယ်မှာရှိတဲ့ ဘန်ဖာပွန်ရွာမှာတော့ ပစ်ကပ်ကားတစ်စီး ရေနဲ့အတူ မျောပါသွားခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ရေကြီးမှု ဖြစ်တယ်လို့ ရွာသားတွေက ဆိုပါတယ်။ ရေကြီးမှုကြောင့် လမ်းအချို့မှာ ကားငယ်တွေ သွားလာလို့ မရတော့ဘဲ ဓာတ်တိုင်တွေလည်း ပြိုလဲနေတယ်လို့ Thaipbs သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version