မဲဆောက်မြို့၊ တာ့ခ်ခရိုင်မှာ ပစ်ကပ်ကား ၃ စီးနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၉ ဦးကို ထိုင်းနိုင်ငံသားယာဥ်မောင်း ၃ ဦးနဲ့အတူ  ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၈ ရက်နေ့မှာ တာ့ခ်ခရိုင် မှုခင်းစုံစမ်းရေးရဲတပ်ဖွဲ့နဲ့ မဲဆောက်ရဲစခန်းတို့ဟာ မဲရီမြစ်ကမ်းနားတစ်ဝိုက်မှာ တရားမဝင် ဝင်ရောက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းကို ရရှိခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက် စောင့်ဆိုင်းနေတုန်းမှာပဲ ကား ၃ စီးဟာ တစ်စီးပြီးတစ်စီး မောင်းနှင်လာတာကို တွေ့ရတာကြောင့်

ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးလိုက်တဲ့အခါ ကားတွေထဲမှာ အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၆ ဦးပါဝင်တဲ့ မြန်မာအလုပ်သမား ၂၉ ဦးကို တွေ့ရှိခဲ့တာပါ။

ဖမ်းဆီးခံရသူ ထိုင်းနိုင်ငံသား ၃ ဦးဟာ မြန်မာအလုပ်သမားတွေကို ဖော့ဖရာမြို့နယ်ကို ပို့ဆောင်ဖို့အတွက် ငှားရမ်းခံခဲ့ရတာလို့ ဝန်ခံခဲ့ပြီး အဲ့ဒီနေရာကနေ နောက်ထပ်လူတစ်ဦးက ဆက်လက်ခေါ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ထွက်ဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံသား ၃ ဦးကို တရားမဝင် နိုင်ငံခြားသားခိုးသွင်းမှုနဲ့ အမှုဖွင့်ထားပြီး မြန်မာအလုပ်သမား ၂၉ ဦးကိုလည်း တရားမဝင် နိုင်ငံတွင်း ဝင်ရောက်မှုနဲ့ တရားဥပဒေအရ အရေးယူနိုင်ဖို့ မဲဆောက်ရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ 

သတင်း – Daily News th

Share.
Leave A Reply

Exit mobile version