ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေရဲ့ အလုပ်သမားပြတ်လပ်မှုပြဿနာကို ဖြေရှင်းဖို့အတွက် ထိုင်းအစိုးရက အထောက်အထားမရှိဘဲ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံသားတွေကို တရားဝင် အလုပ်လုပ်ခွင့်ပါမစ်ပြုလုပ်ဖို့ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီခွင့်ပြုချက်က နေထိုင်ခွင့် သက်တမ်း ၁နှစ် ရရှိမှာဖြစ်ပါတယ်။
လုပ်ဆောင်ရမယ့် အဓိကလုပ်ငန်းစဉ်များ
ဒီလုပ်ငန်းစဉ်တွေက အလုပ်ရှင်နဲ့ အလုပ်သမားနှစ်ဖက်စလုံးက အဆင့်လိုက်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။
၁။ အလုပ်ရှင်မှ လျှောက်လွှာတင်ပေးခြင်း
အလုပ်ရှင်အနေနဲ့ အလုပ်သမားတွေရဲ့ အမည်စာရင်းနဲ့ အလုပ်လုပ်ကိုင်ခွင့်လျှောက်လွှာကို ၁၅ ရက်အတွင်း သတ်မှတ်ထားတဲ့ ဌာနတွေကိုတင်ပြရပါမယ်။ ဒီအဆင့်မှာ အလုပ်သမားတစ်ဦးချင်းစီအတွက် အလုပ်လုပ်ကိုင်ခွင့် ပါမစ်ကြေးကိုလည်း ပေးသွင်းရပါမယ်။
၂။ လိုအပ်သည့် စာရွက်စာတမ်းများ ပြင်ဆင်ခြင်း
အလုပ်သမားများအနေနဲ့ ဆေးစစ်ချက်လက်မှတ်၊ ကျန်းမာရေးအာမခံအထောက်အထား စတဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ရက် ၆၀ အတွင်း ပြည်နယ် ဒါမှမဟုတ် ဘန်ကောက်မြို့ရှိ အလုပ်အကိုင်ရှာဖွေရေး ရုံးတွေဆီ တင်ပြရပါမယ်။
၃။ လူဝင်မှုကြီးကြပ်ရေးဌာနတွင် မှတ်ပုံတင်ခြင်း
အလုပ်သမားများဟာ ရက် ၆၀ အတွင်း လူဝင်မှုကြီးကြပ်ရေးဌာနက သတ်မှတ်ထားတဲ့နေရာတွေမှာ ၎င်းတို့ရဲ့ ကိုယ်ရေးအထောက်အထားအချက်အလက်တွေကို မှတ်တမ်းတင်ရပါမယ်။
၄။ တရားဝင်စာရွက်စာတမ်းများ ပြုလုပ်ခြင်း
နိုင်ငံကူးလက်မှတ် မရှိသေးတဲ့ အလုပ်သမားတွေဟာ နိုင်ငံကူးလက်မှတ်ကို အရင်ဆုံးရရှိအောင် ဆောင်ရွက်ပြီး ဗီဇာ လျှောက်ထားရပါမယ်။ဒီအဆင့်တွေပြီးသွားရင် ပြည်ထဲရေးဌာနက နိုင်ငံသားမဟုတ်သူများအတွက် သက်သေခံကတ်ပြားကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။
စတင်မယ့်ရက်
ဒီလုပ်ငန်းစဉ်တွေက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ရဲ့ တရားဝင်ကြေညာချက်တွေ ထွက်ပေါ်လာပြီးနောက် စတင်မှာ ဖြစ်ပါတယ်။
အလုပ်သမားမိဘတွေရဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေဟာ မိဘတွေရဲ့ အထောက်အထားနဲ့အတူ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ မိဘတွေ အလုပ်လုပ်ခွင့်ရတာနဲ့တစ်ပြိုင်နက် ကလေးတွေရဲ့ မှတ်ပုံတင်စာရင်းကိုလည်း ပြုလုပ်ရပါမယ်။ မိဘနဲ့အတူရှိနေပြီး အသက် ၁၈ နှစ်ပြည့်သွားတဲ့ ကလေးတွေအနေနဲ့ကတော့ အလုပ်လုပ်လိုပါက အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားဖို့အတွက် နောက်ထပ် ရက် ၆၀ အထူးနေထိုင်ခွင့် ပေးထားပါတယ်။