ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၄၆၁ ယောက်ဟာ သူတို့ရဲ့ ၂ လစာ လုပ်အားခတွေကို မရလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒီအလုပ်သမားတွေဟာ ပါဝါလိုင်း ခမ်းလ်ဒီ ဆောက်လုပ်ရေးကုမ္ပဏီ မှာ အလုပ်လုပ်နေကြတာပါ။
အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံ အနယ်နယ် အရပ်ရပ်က အလုပ်ဆိုဒ် ၁၅ ခုမှာ အသီးအသီးလုပ်ကိုင်နေကြတာဖြစ်ပြီး လုပ်သက် ၁ နှစ်မှ ၁၀ နှစ်ကျော်အထိ ရှိကြတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီကနေ မြန်မာအလုပ်သမားတစ်ယောက်ကို ဘတ် ၂၄,၀၀၀ ဝန်းကျင် ပေးရမှာဖြစ်ပြီး စုစုပေါင်း ဘတ် ၁၁ သိန်းကျော် မရှင်းပေးဘဲ ပျက်ကွက်နေတာဖြစ်တယ်လို့ သိရပါတယ်။အလုပ်သမားတွေက အလုပ်ရှင်ကို လုပ်အားခတွေပေးဖို့ တောင်းဆိုတဲ့အခါ ၅၀ ရာခိုင်နှုန်း ပဲ ပေးနိုင်မယ်လို့ ပြောတာကြောင့် အလုပ်သမားတွေက လက်မခံနိုင်တာ ဖြစ်ပါတယ်။
“အလုပ်သမားတွေက လစာ ၂ လစာရဖို့ရှိတာပါ။ ဒီလစာကို အလုပ်ရှင်ဘက်က အပြည့်အဝမပေးချင်တာကြောင့် WAG အဖွဲ့ကို ဆက်သွယ်လာတဲ့အတွက် ဒီနေ့မှာ ကျွန်တော်တို့တွေ့ဆုံပြီး သွားရောက်ညှိနှိုင်းပေးမှာပါ” လို့ ကိုမုန်တိုင်းက ပြောပါတယ်။
ဒါ့အပြင် အလုပ်သမားတွေဟာ သူတို့ရဲ့စာအုပ်တွေ သက်တမ်းတိုးဖို့အတွက်လည်း ပိုက်ဆံတွေ ကြိုပေးထားပြီးသားလို့ ဆိုပါတယ်။ အခုလို လုပ်အားခတွေ မရရှိပဲ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေတာကြောင့် အလုပ်သမားမဟာမိတ်အဖွဲ့ (WAG) ကို အကူအညီတောင်းခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။