ဇူလိုင်လ ၁၈ ရက်နေ့က ထိုင်းအလုပ်သမားဝန်ကြီး ဖုန်ကဝင်က ထိုင်းနိုင်ငံသားတွေအတွက် သီးသန့်သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေမှာ နိုင်ငံခြားသားအလုပ်သမားများ လုံးဝလုပ်ကိုင်ခွင့် မရှိစေဖို့ ပိုမိုတင်းကျပ်စွာ ကိုင်တွယ်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
၁၅ ဦးပါ ကော်မတီဖွဲ့၍ စစ်ဆေးမယ်
တရားမဝင်လုပ်သား အသုံးပြုမှုတွေကို ကာကွယ်ဖို့နဲ့ နှိမ်နင်းဖို့အတွက် နိုင်ငံခြားသား အလုပ်သမားတွေရဲ့ အလုပ်အကိုင်တွေကို စစ်ဆေးဖို့ ၁၅ ဦးပါ ကော်မတီတစ်ရပ် ကို ဖွဲ့စည်းလိုက်တာပါ။ ဒီကော်မတီမှာ အလုပ်သမားဝန်ကြီးဌာန အကြံပေးများ၊ ရှေ့နေချုပ်ရုံးနဲ့ အစိုးရပိုင်ဆိုင်မှုများ လာဘ်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့မှ ကိုယ်စားလှယ်များ ပါဝင်မှာဖြစ်ပြီး လုပ်ငန်းများ ပိုမိုထိရောက်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
တရားမဝင်လုပ်ကိုင်မှုများ တွေ့ရှိရ
လက်ရှိမှာ ကလေးလုပ်သားတွေနဲ့ နိုင်ငံခြားသားလုပ်သားတွေ အပါအဝင် တရားမဝင်လုပ်အား အသုံးပြုမှုများစွာကို တွေ့ရှိနေရတယ်လို့ ဝန်ကြီးက ထောက်ပြခဲ့ပြီး ဥပမာအားဖြင့် တရုတ်နိုင်ငံသား အချို့က ခရီးသွားလမ်းညွှန်များအဖြစ် လုပ်ကိုင်နေကြပြီး မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံသားများက ဒေသဈေးများတွင် ကုန်ပစ္စည်းများ ရောင်းချနေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသား အချို့က ထိုင်းရိုးရာ အနှိပ်ဆိုင်တွေနဲ့ ဈေးဆိုင်တွေမှာ လုပ်ကိုင်နေကြပြီး အခုလိုလုပ်ဆောင်မှုတွေက ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို တိုက်ရိုက် ထိခိုက်စေတယ်လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသော အလုပ်အကိုင်များ
- သစ်ထွင်းလုပ်ငန်း
- မော်တော်ယာဉ်မောင်းနှင်ခြင်း (forklift မောင်းနှင်ခြင်းမှအပ)
- လေလံပွဲရောင်းချခြင်း
- စိန်/ကျောက်မျက်ရတနာ ဖြတ်တောက်၊တိုက်ချွတ်ခြင်း
- ဆံပင်ညှပ်/အလှပြင်ခြင်း
- လက်ရက်ကန်းလုပ်ငန်း
- ဖျာရက်ခြင်း သို့မဟုတ် ဂုံမင်း၊ ကြိမ်၊ ကောက်ရိုး၊ ဝါး၊ ကြက်မွေး၊ အမျှင်တို့ဖြင့် ပစ္စည်းများပြုလုပ်ခြင်း
- လက်ဖြင့်ပြုလုပ်သော စက္ကူလုပ်ငန်း
- ယွန်းထည်လုပ်ငန်း
- ထိုင်းတူရိယာပြုလုပ်ခြင်း
- ငွေထည်လုပ်ငန်း
- ရွှေ/ငွေ/ရွှေဖြူထည်လုပ်ငန်း
- ရွှေချည်ထိုးလုပ်ငန်း
- ထိုင်းရုပ်သေးလုပ်ငန်း
- သပိတ်လုပ်ငန်း
- လက်ဖြင့်ပြုလုပ်သော ပိုးထည်လုပ်ငန်း
- ဗုဒ္ဓရုပ်ပွားတော်ပြုလုပ်ခြင်း
- စက္ကူထီး/အဝတ်ထီးပြုလုပ်ခြင်း
- ပွဲစား/ကိုယ်စားလှယ်လုပ်ငန်း
- ထိုင်းအနှိပ်လုပ်ငန်း
- ဆေးလိပ်လိပ်ခြင်း
- ခရီးသွားလမ်းညွှန်လုပ်ငန်း
- လှည့်လည်ရောင်းချခြင်း
- စာစီခြင်း
- ပိုးချည်လှည့်ခြင်း
- အတွင်းရေးမှူးလုပ်ငန်း
- ဥပဒေဝန်ဆောင်မှုလုပ်ငန်း စတဲ့ အလုပ်အကိုင်တွေ ပါဝင်ပါတယ်။
အလုပ်သမားဝန်ကြီးဌာနအနေနဲ့ တရားမဝင်လုပ်ကိုင်မှုတွေကို ထိန်းချုပ်ပြီး နိုင်ငံခြားသားအလုပ်သမားတွေကို ဥပဒေနဲ့အညီ လုပ်ကိုင်စေပြီး ထိုင်းလူမျိုးတွေရဲ့ အခွင့်အရေးကို မထိခိုက်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
Ref – khaosod