ချွန်ဘူရီပြည်နယ်၊ သီရာချာခရိုင်၊ ခေါဝ်ခန့်ဆောင်မြို့နယ်ရှိ ထုပ်ပိုးပစ္စည်းစက်ရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနက ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာအပါအဝင် တရားမဝင် နိုင်ငံခြားသားအလုပ်သမား ၅၅ ဦးနှဲ့ ၎င်းတို့ကို ငှါးရမ်းထားတဲ့ အလုပ်ရှင် ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ တရားမဝင်လုပ်သားတွေ ဝင်ရောက်လုပ်ကိုင်နေကြောင်း သတင်းရရှိခဲ့တာကြောင့် အာဏာပိုင်အဖွဲ့အစည်းတွေက ပူးပေါင်းစစ်ဆေးခဲ့ရာ တရုတ်နိုင်ငံသား ၂၇ ဦး၊ မြန်မာနိုင်ငံသား ၂၃ ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၅ ဦး စုစုပေါင်း ၅၅ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ အလုပ်သမားတွေနဲ့ တရားမဝင်အလုပ်သမားတွေကို ငှါးရမ်းထားတဲ့ အလုပ်ရှင် ၃ဦး ကို ဘော်ဝင်ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆွန်ချိုင်းက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ချင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ အလုပ်လုပ်ကိုင်ခွင့်ပါမစ် (Work Permit) မဖြစ်မနေ ရှိရမယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။အကယ်၍ ဥပဒေကို ချိုးဖောက်ပြီး တရားမဝင် အလုပ်လုပ်ကိုင်မယ်ဆိုရင် အလုပ်သမားတွေအနေနဲ့ ဘတ်ငွေ ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံရနိုင်ပါတယ်။ ဒါ့အပြင် ၂ နှစ်အတွင်း ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ပြန်လာလို့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တရားမဝင်လုပ်သား ငှါးရမ်းထားတဲ့ အလုပ်ရှင်တွေအနေနဲ့ လုပ်သားတစ်ဦးကို ဘတ်ငွေ ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်တယ်လို့ ဆိုပါတယ်။အကယ်၍ နောက်တစ်ကြိမ်ထပ်ပြီး ဥပဒေချိုးဖောက်မယ်ဆိုရင်တော့ ထောင်ဒဏ် ၁ နှစ်အထိ ဒါမှမဟုတ် လုပ်သားတစ်ဦးကို ဘတ်ငွေ ၅၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်ပြီး ၃ နှစ်ကြာနိုင်ငံခြားသားလုပ်သားတွေကို ငှားရမ်းခွင့် ပိတ်ပင်ခံရမယ်လို့ ဆိုပါတယ်။
သတင်း – topnews