ရယောင်းပြည်နယ်၊ နီခွန်ဖတ်ထနာခရိုင်မှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အပါအဝင် တရုတ်နိုင်ငံသား၊ စုစုပေါင်း ၃၇ ဦးကို ထိုင်းခရီးသွားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ခရီးသွားရဲတပ်ဖွဲ့ ရဲမှူးချုပ်ရဲ့ ညွှန်ကြားချက်အရ ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်ပြီးနောက် ခရီးသွားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တရားရုံးခွင့်ပြုချက်နဲ့ ဝင်ရောက်ရှာဖွေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့က ရယောင်းပြည်နယ်၊ နီခွန်ဖတ်ထနာခရိုင်အတွင်းက စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းကို ဝင်ရောက်ရှာဖွေရာမှ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၃၁ ဦးနဲ့ မြန်မာနိုင်ငံသား ၆ ဦး၊ စုစုပေါင်း ၃၇ ဦးကို ဖမ်းဆီးမိခဲ့တာပါ။
ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ခရီးသွားဗီဇာနဲ့ ဝင်ရောက်လာပြီး တရားမဝင် အလုပ်လုပ်ကိုင်နေတာဖြစ်ကြောင်း ဝန်ခံခဲ့ကြပြီး မြန်မာနိုင်ငံသားတွေကတော့ တရားမဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ နိုင်ငံအတွင်း အလုပ်လုပ်ကိုင်မှုဖြစ် စွဲချက်တင်ထားပြီး အမှုဖွင့်ဖို့အတွက် နီခွန်ဖတ်ထနာရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း – policenewsvarieties