ပတ္တရား မြို့အလယ်ပိုင်းရှိ Holiday အမည်ရှိ ၈ထပ်အဆောက်အဦးကို ဇွန်လ ၁၇ ရက်နေ့က ရဲတပ်ဖွဲ့ က ဝင်ရောက်စစ်ဆေးရာမှ တရားမဝင်ဖျော်ဖြေရေးလုပ်ငန်းတွေ လုပ်နေတဲ့ နိုင်ငံခြားသား ၅၀ ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာ ၅ ဦးလည်း ပါဝင်ပါတယ်။
အဆောက်ဦးရဲ့ ဒုတိယထပ်မှာ တရားမဝင် လောင်းကစားခန်းမတစ်ခုရှိပြီး တရုတ်လူမျိုး ၁၆ ဦး၊ ဗီယက်နမ် ၃ ဦး၊ စင်္ကာပူ ၁ ဦး စုစုပေါင်း ၂၀ ဦး ဖမ်းဆီးမိခဲ့ပြီး ဘတ်ငွေ ၁ သန်းကျော်တန်ဖိုးရှိ လောင်းကစားချစ်ပ်များ၊ ကဒ် ၁၀ ချပ် နဲ့ အခြားလောင်းကစားကိရိယာတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။
၃ထပ် မှ ၇ထပ် အထိမှာတော့ ဖျော်ဖြေရေးနဲ့ လိင်ဝန်ဆောင်မှု ပေးနေတဲ့ ကာရာအိုကေဘားတွေရှိပြီး ဒီနေရာတွေမှာလည်း တရုတ် ၁၆ ဦး၊ စင်္ကာပူ ၂ ဦး၊ ကမ္ဘောဒီးယား ၁ ဦး၊ မြန်မာ ၅ ဦး စုစုပေါင်း ၂၄ ဦး ဖမ်းဆီးမိခဲ့ပါတယ်။
အပေါ်ဆုံးထပ်မှာတော့ ကောစင်တာ လိမ်လည်မှုတွေလုပ်ဆောင်တဲ့ လုပ်ငန်းရုံးရှိပြီး တရုတ်လူမျိုး ၆ ဦးကို ကွန်ပျူတာနဲ့ အလုပ်လုပ်နေစဉ် ဖမ်းဆီးမိခဲ့ပြီး လပ်တော့ ၉ လုံး၊ မိုဘိုင်းဖုန်း ၁၅ လုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီဖမ်းဆီးမှုဟာ မေလကုန်ပိုင်းက ပတ္တရားမှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုနဲ့ ဖမ်းဆီးခံရသူ တရုတ်လူမျိုးတချို့က ဒီအဆောက်ဦးမှာ လောင်းကစား၊ ဖျော်ဖြေရေးအတွက် လာလေ့ရှိတယ်ဆိုတဲ့ သတင်းကြောင့် စုံစမ်းစစ်ဆေးတာတွေပြုလုပ်ပြီး ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေထဲ လောင်းကစားလုပ်ကိုင်သူတွေကို လောင်းကစားဥပဒေအရ ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ်အထိ ဖြစ်စေ ၊ ဒဏ်ကြေး ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ကောစင်တာ လိမ်လည်မှုလုပ်ငန်းလုပ်ကိုင်သူတွေကိုတော့ ထောင်ဒဏ် ၇ နှစ်အထိနဲ့ ဘတ် ၁သိန်း ၄ သောင်းအထိ ဒဏ်ကြေးပေးရနိုင်တယ်လို့ သိရပါတယ်။