ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းဝကနဲ့ လုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးလိုက်ပြီး အများစုဟာ စမ်လော့ (သုံးဘီး) မောင်းတဲ့သူတွေ ဖြစ်နေပါတယ်။

တရားဝင် အထောက်အထားမရှိ၊ တရားဝင်အလုပ်လုပ်ကိုင်ခွင့်မရှိ စတာတွေကြောင့်လို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးက အကြောင်းပြပေမယ့် ယခုဖမ်းဆီးခဲ့သူ အများစု သုံးဘီးမောင်းနှင်နေကြသူတွေ ဖြစ်ကြောင်း ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မဲဆောက်မြို့မှာ ဘက်ထရီသုံး စကူတာတွေ အဖမ်းအဆီး ကြမ်းခဲ့ပြီးနောက် အခုအခါ သုံးဘီးမောင်းနှင်သူတွေကိုပါ ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ 

“ရှေ့ရက်တွေက မဲဆောက်မှာ E Bike တွေ အကုန်နီးပါ ဖမ်းပြီးတော့ ခုရက်ထဲမှာ စမ်ပလော့ သုံးဘီးဆိုင်ကယ်တွေ ဖမ်းတယ်။အဲ့လိုဖမ်းကြတော့ ရွေ့ပြောင်းမြန်မာတွေအတွက် အဓိကက ကျောင်းသွားတာတို့ စျေးသွားတာတို့ အတော်အခက်အခဲဖြစ်သွားတယ်။လက်ရှိမဲဆောက်မှာက တောမောတွေ တောက်လျောက်ဝင်ဖမ်းနေတယ် “လို့ မဲဆောက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

မဲဆောက်မြို့မှာ သုံးဘီးဆိုင်ကယ်တွေကို ပစ္စည်းသယ်ယူဖို့နဲ့ လူတင်ဆောင်ဖို့အတွက် အဓိကအသုံးပြုကြတာဖြစ်ပြီး ဒီရက်ပိုင်းမှာ ဖမ်းစီးတာတွေ ခပ်စိတ်စိတ် ဖြစ်လာတာပါ။ ဖမ်းဆီးခံရသူ ၁၈ ယောက်ကို မဲဆောက်ရဲစခန်းမှာ အမှုဖွင့်ထားပြီး တရားစွဲဆိုနေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ တရားဝင်စာရွက်စာတမ်းမပါဘဲ နေထိုင်ခြင်း၊ တရားမဝင်အလုပ်လုပ်ခြင်းတွေကို အစိုးရက တင်းကြပ်စစ်ဆေးနေတဲ့ အချိန်ဖြစ်ပါတယ်။ 

ထိုင်းရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မည်သူမည်ဝါ ဖြစ်တဲ့ဆိုတဲ့ အထောက်အထားတွေ ရှိဖို့ အရေးကြီးသလို ကိုယ်အသုံးပြုတဲ့ ယာဉ်တွေရဲ့ ဥပဒေကို သေချာနားလည်ထားဖို့ လိုမှာ ဖြစ်ပါတယ်။ 

Share.
Leave A Reply

Exit mobile version