ဇူလိုင် ၁ ရက်နေ့ကစပြီး ဘန်ကောက်မြို့နဲ့ ဝန်းကျင်မှာ အလုပ်လုပ်နေတဲ့အလုပ်သမားတွေအတွက်
နေ့စဉ်အနိမ့်ဆုံးလုပ်အားခကို ၄၀၀ ဘတ်အထိ တိုးမြှင့်ပေးမယ်လို့ အလုပ်သမားလုပ်အားခကော်မတီက ကြေညာလိုက်ပါပြီ။ဒါက အလုပ်သမားအများစုအတွက် တကယ်အရေးကြီးတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။
အရင်ကတော့ ခရီးသွားအများဆုံးလာတဲ့ဒေသတွေမှာပဲ ၄၀၀ ဘတ်ကိုသတ်မှတ်ထားတာပါ။
ဒါပေမဲ့ အခုကြေညာချက်အသစ်နဲ့အရ ဘန်ကောက်အပြင် အခြားပြည်နယ်တွေမှာလည်း တချို့လုပ်ငန်းတွေမှာ နေ့စဉ်လုပ်အားခ ဘတ် ၄၀၀ ပြောင်းလဲဖို့ အကျုံးဝင်တယ်လို့သိရပါတယ်။
ဘယ်လိုအလုပ်တွေမှာလဲ
– အခန်း ၅၀ နဲ့ အထက်ရှိတဲ့ ဟိုတယ်တွေ သို့မဟုတ် 2-star အထက်ရှိဟိုတယ်တွေ
– စားသောက်ဆိုင်ပါတဲ့ ဟိုတယ်တွေ
– ကာရာအိုကေ၊ ဘား၊ အရက်ဆိုင် စတဲ့ ဖျော်ဖြေမှုလုပ်ငန်းတွေ
အဓိကကတော့ တရားဝင် စာရွက်စာတမ်းနဲ့ မှတ်ပုံတင်ထားတဲ့လုပ်ငန်းဖြစ်ဖို့လိုပါတယ်။
အခြားလုပ်ငန်းတွေကတော့ အလားတူ တိုးမယ် မတိုးမယ်ဆိုတာကို မကြေညာသေးပါဘူး။
ဘန်ကောက်နဲ့အနီးအနားမှာ နေ့စဉ်အနိမ့်ဆုံးလုပ်အားခက ၃၇၂ ဘတ်ရှိသော်လည်း တခြားပြည်နယ်တွေအလိုက် ၃၃၇ မှ ၃၈၀ ဘတ်အထိကွဲပြားနေပါတယ်။ ၄၀၀ ဘတ်ကို အရင်က ဖူးခက်၊ ချွန်ဘူရီ၊ ရယောင်း စတဲ့ ခရီးသွားမြို့ကြီးတွေမှာပဲ ရရှိတာဖြစ်ပါတယ်။သတင်းအရဆိုရင် ဒီလစာတိုးမှုကနေ တစ်နိုင်ငံလုံးက အလုပ်သမား ၇ သိန်းလောက် အကျိုးခံစားရမယ်လို့ ခန့်မှန်းထားပါတယ်။
လုပ်အားခတိုးတာတွေကြောင့် စီးပွားရေးအခက်အခဲဖြစ်နိုင်တဲ့လုပ်ငန်းရှင်တွေအတွက်လည်း အလုပ်သမားဝန်ကြီးဌာနက ဘဏ် ၆ ခုနဲ့ပူးပေါင်းပြီး အတိုးနည်းချေးငွေ ၃၀ ဘီလီယံ ဘတ် ခန့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
ထိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိလုပ်နေတဲ့အလုပ်အမျိုးအစားဟာ ၄၀၀ ဘတ်အကျုံးဝင်တယ်မဝင်ဘူး စစ်ဆေးဖို့လိုပါတယ်။
Ref : bangkokpost / thenation