ထိုင်းနိုင်ငံ ချွန်ပွန်းမြို့တောင်ပိုင်းရှိ လမ်းမပေါ် မှာ တရားမဝင် မြန်မာအလုပ်သမား ၂၆ ဦးကို သယ်ဆောင်လာတဲ့ ကားတစ်စီးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ 

ဖြစ်စဉ်မှာ ဇွန် ၁၈ရက်နေ့ မနက် ၃ နာရီခန့်က လမ်းပေါ် မှာ သံသယဖြစ်စရာ ယာဉ်တစ်စီးကို တွေ့ရှိခဲ့ရတာကြောင့် တာဝန်ရှိသူတွေက တားဆီးစစ်ဆေးရာမှ အလုံပိတ်ယာဉ်အတွင်း မြန်မာနိုင်ငံသား ၂၆ ဦးအား တရားမဝင် သယ်ဆောင်လာတာကိုတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ အလုပ်သမားတွေအနေနဲ့ တရားဝင် ဝင်ရောက်ခွင့် အထောက်အထားတွေလဲ မရှိဘူးလို့ သိရပါတယ်။ 

ယာဉ်မောင်းဖြစ်သူမှာ ၃၅ နှစ်အရွယ် ရှိသူဖြစ်ပြီး ရာချဗူရီပြည်နယ်မှ ဆွံခလာပြည်နယ် ရတ်ဖွန်ခရိုင်သို့ ပို့ဆောင်ရန်အတွက် ပို့ဆောင်ခ ၅ သောင်းဘတ်နဲ့ လက်ခံထားတယ်လို့ ဝန်ခံပါတယ်။ ပုံမှန် သွားလေ့ရှိတဲ့ လမ်းကြောင်းမှာ ရဲထောက်လှမ်းမှုတွေရှိတာကြောင့် လမ်းသေးဘက်က လှည့်ရှောင်ခဲ့ပေမယ့်လည်း အခုလို ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ 

ယာဉ်မောင်းအား နိုင်ငံခြားသားများအား တရားမဝင်ကူညီပေးမှုနဲ့ သယ်ယူမှုဖြင့်  တရားစွဲဆိုထားပြီး မြန်မာနိုင်ငံသား ၂၆ ဦးကိုလည်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့  ချွန်ပွန်းမြို့ရဲစခန်းသို့ လွှဲပြောင်းထားပြီး တရားဥပဒေအရ ဆက်လက် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

သတင်း – MGRonline 

Photo :ตำรวจทางหลวง

Share.
Leave A Reply

Exit mobile version