ဖုန်းနဲ့ စကန် (Scan)ဖတ်ပြီး ငွေပေးချေမယ်ဆိုရင် စကန်ခ/ခရပ် (စကန်ရှင့်/ဗျ) လို့ ကိုယ်ငွေပေးမယ့်သူကို ပြောရပါတယ်။

စကန် (Scan) ဖတ်ပြီး ငွေပေးချေတယ်ဆိုတာ အလွယ်ခြုံပြီးပြောရရင်တော့ မြန်မာနိုင်ငံက Kpay လို ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်တစ်ခု ဖြစ်ပါတယ်။

Prompt Pay ကွန်ယက်ကြီးထဲမှာ ရှိနေတာဖြစ်ပြီး ဒီကွန်ယက်ကြီးကို ထိုင်းနိုင်ငံရဲ့ ဗဟိုဘဏ် Bank Of Thailand က စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ကြီးကြပ်ပေးနေတာပါ။

မြန်မာနိုင်ငံမှာလို Kpay အချင်းချင်းပဲ ပေးလို့ရတာမျိုး၊ CB pay အချင်းချင်းပဲ ပေးလို့ရတာမျိုးမဟုတ်ဘဲ ဘယ်လို ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်မှာမဆို ပေးလို့ရပါတယ်။ ဘယ်လို pay မဆို ဖုန်းထုတ်ပြီး ရှင်းလိုက်ရုံပါပဲ။

ဘဏ်အကောင့် သွားဖွင့်တဲ့အခါ ဘဏ်က ကိုယ့်ဖုန်းမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် ပါဝင်တဲ့ အပ်ပလီကေးရှင်းကို တစ်ခါတည်း တပ်ဆင် ချိတ်ဆက်ပေးလိုက်ပါတယ်။

ကိုယ်က ငွေသားနဲ့မဟုတ်ဘဲ ဒစ်ဂျစ်တယ်နဲ့ ရှင်းမယ်ဆို “စကန်ခ” လို့ ပြောလိုက်တဲ့အခါ ရောင်းသူဟာ သူတို့ရဲ့ QR code ကို ထုတ်ပေးပါတယ်။ ကိုယ့်ဖုန်းထဲက အပ်ပလီကေးရှင်းကို ဖွင့်ပြီး ရောင်းသူပေးတဲ့ QR code ကို စကန်ဖတ်လိုက်ရုံပါပဲ။

ဆိုင်ကြီးတွေမှာတော့ ပေးရမယ့်ပမာဏကို တစ်ခါတည်း ဖြည့်သွင်းပြီးသား ဖြစ်တာကြောင့် ထပ်ဖြည့်စရာမလိုပါဘူး။ ဆိုင်သေးလေးတွေကတော့ စကန် ဖတ်ပြီးတဲ့အခါ ကိုယ်ပေးရမယ့် ငွေပမဏကို ရိုက်ထည့်ပေးရပါတယ်။ ပေးထားတဲ့ စလစ်လေးပေါ်လာတဲ့အခါ ဆိုင်ရှင်ကို ပြလိုက်ရုံပါပဲ။

ဆိုင်ကယ်ကယ်ရီ၊ ဒလီဗာရီကစလို့ ကားဝယ်၊အိမ်ဝယ်ထိ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ကို ထိုင်းနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။

Share.
Leave A Reply

Exit mobile version