သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတဝန်ကြီးဌာနက ထိုင်းတစ်နိုင်ငံလုံးအတွက် PM2.5 လေထုညစ်ညမ်းမှု သတိပေးစနစ်တစ်ခုကို အလျင်အမြန် အကောင်အထည်ဖော်နေပါတယ်။ ဒီစနစ်ရဲ့ အဓိကအချက်ကတော့ သင့်ဖုန်းထဲကို ဘာ App မှ ထည့်စရာမလိုဘဲ Cell Broadcast နည်းပညာနဲ့ သတင်းအချက်အလက်တွေကို တိုက်ရိုက်ပို့ပေးမှာပါ။

လာမယ့် ခြောက်သွေ့ရာသီ ဒီနှစ်နှောင်းပိုင်း မှာ PM2.5 ဖုန်မှုန့်ပမာဏတွေ ထုံးစံအတိုင်း ပြန်တက်လာဖို့ ရှိနေတာပါ။ ဒါကြောင့် ပြည်သူတွေဆီကို လေထုအရည်အသွေးဆိုင်ရာ အချက်အလက်တွေက တိကျ၊ မြန်ဆန်၊ လွယ်ကူစွာ ရောက်ရှိဖို့အတွက် ဒုတိယဝန်ကြီးချုပ်နဲ့ သယံဇာတဝန်ကြီးက ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန (PCD) ကို နိုဝင်ဘာ ၁၂ ရက်နေ့မှာ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

ဒီစီမံကိန်းက အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး အချက်အလက် စီမံခန့်ခွဲမှုကို PCD က ဦးဆောင်မှာပါ။ ဘေးအန္တရာယ် ကာကွယ်ရေးဦးစီးဌာန (DDPM)ကတော့ PCD က ပေးပို့လာတဲ့ အချက်အလက်တွေကို Cell Broadcast စနစ်သုံးပြီး နိုင်ငံတစ်ဝန်း ဖြန့်ဝေမှာ ဖြစ်ပြီး AIS နဲ့ အခြား ပုဂ္ဂလိက လုပ်ငန်းတွေက နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ပေးမှာဖြစ်ပါတယ်။ဒီလို ပူးပေါင်းဆောင်ရွက်တာကြောင့် ဖုန်မှုန့်ပြင်းအားများတဲ့ ဒေသတွေက လူတွေဆီကို ကျန်းမာရေးနဲ့ ဘေးကင်းရေးဆိုင်ရာ အကြံပြုချက်တွေဟာ ချက်ချင်း ရောက်ရှိမှာဖြစ်ပြီး App ဖွင့်ကြည့်ဖို့ ဒါမှမဟုတ် Register လုပ်ဖို့ စောင့်ဆိုင်းနေစရာ မလိုတော့ပါဘူး။

အစိုးရပြောခွင့်ရသူ မစ္စလာလီတာ ကတော့ ထိုင်းနိုင်ငံဟာ PM2.5 လေထုညစ်ညမ်းရာသီထဲကို ရောက်လာနေတာကြောင့် ပြည်သူတွေ အချိန်မီ သတင်းရပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် ဒီစနစ်ကို အလျင်အမြန်လုပ်နေတာလို့ ဆိုပါတယ်။ ဒါဟာ ပတ်ဝန်းကျင်နဲ့ လူထုကျန်းမာရေးကို ကာကွယ်ရာမှာ Digital နည်းပညာကို အသုံးပြုတဲ့ အရေးကြီးတဲ့ ခြေလှမ်းသစ်ဖြစ်တယ်လို့လည်း ပြောကြားခဲ့ကြောင်း The Nation သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version