လာမယ့် နိုဝင်ဘာလ ၅ ရက်၊ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံအတွက် အရေးပါပြီး ရိုးရာဓလေ့ဖြစ်တဲ့ လွိုင်ကထုန် ပွဲတော် ကျင်းပမယ့်နေ့ဖြစ်ပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံးရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးက ဒီနှစ်မှာ တစ်နိုင်ငံလုံး ပွဲတော်တွေ ကျင်းပပြီး လူအများအပြား ပါဝင်လာကြမှာဖြစ်တာကြောင့် ရာဇဝတ်မှုတွေ ဖြစ်ပေါ်နိုင်ခြေအတွက် သတိပေးထားပါတယ်။
အထူးသဖြင့် မသမာသူတွေဟာ လူစုလူဝေးကို အခွင့်ကောင်းယူပြီး ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူဖို့ ကြိုးစားနိုင်တာကြောင့် သတိထားရမှာ ဖြစ်ပါတယ်။ ရဲချုပ်က ပွဲတော်ကာလအတွင်း ပြည်သူလူထု လုံခြုံရေးကို အာမခံနိုင်ဖို့ လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်ရန် ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ အဓိကမှာကြားချက်တွေက ပွဲတော်မတိုင်မီ ရာဇဝတ်မှုအမျိုးအစားအားလုံးကို နှိမ်နင်းခြင်း၊ ကုန်းလမ်း ၊ ရေလမ်းတွေနဲ့ လူစုလူဝေးနေရာတွေမှာ လုံခြုံရေး ပိုမိုတင်းကျပ်စွာ စစ်ဆေးခြင်း တို့ ဖြစ်ပါတယ်။
ဖျော်ဖြေရေးနေရာတွေမှာ လက်နက်၊ မူးယစ်ဆေးဝါး၊ တရားမဝင်ပစ္စည်းများ မရှိစေရန်နဲ့ ကလေးနဲ့လူငယ်တွေ ကို အသုံးမပြုစေရန် အပြတ်အသတ် တားဆီး ဖို့ အသိပေးထားပါတယ်။ဒါ့အပြင် အန္တရာယ်ဖြစ်စေတဲ့ မီးရှူးမီးပန်း၊ဗျောက်အိုး ဖောက်သူတွေနဲ့ ရောင်းချသူတွေကို ချက်ချင်းဖမ်းဆီးအရေးယူရန်နဲ့ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရန် ယာဉ်ကြောစီမံခန့်ခွဲမှုတွေကို စီစဉ်ထားကြောင်း သိရပါတယ်။
ပြည်သူ့ရဲတပ်ဖွဲ့မှ ပြည်သူတွေနဲ့ ခရီးသွားများကို တန်ဖိုးကြီး လက်ဝတ်ရတနာများ သို့မဟုတ် ငွေကြေးများစွာကို ပွဲတော်အတွင်း ယူဆောင်လာခြင်းမှ ရှောင်ကြဉ်ပေးဖို့ တောင်းဆို ထားပါတယ်။လှေဆိပ်တွေနဲ့ လူထူထပ်တဲ့ နေရာတွေကို အသုံးပြုရာမှာ မတော်တဆမှု မဖြစ်စေရန် အထူးဂရုပြုဖို့ သတိပေးထားပါတယ်။ ယာဉ်မောင်းသူများအနေနဲ့ မူးယစ်မောင်းနှင် ခြင်းမပြုရန်နဲ့ ယာဉ်စည်းကမ်းများကို လိုက်နာ ဖို့လိုပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေ လုံခြုံရေးအတွက် ဂရုစိုက်ကြရန်နဲ့ တစ်ယောက်တည်း ပွဲတော်သို့ လွှတ်မထားဖို့လည်း မေတ္တာရပ်ခံထားကြောင်း khaosod သတင်းက ဖော်ပြထားပါတယ်။