စမွတ်ပရာကန်ခရိုင်၊ စမ်ရုန်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအလုပ်သမားတွေနဲ့ ရှမ်းလူမျိုး လူငယ်တစ်ဦးခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အချင်းချင်းနောက်ပြောင်ရာက စခဲ့တဲ့ ပြဿနာဖြစ်တယ်လို့ ရဲစခန်းမှာ ထွက်ဆိုချက််အရ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ ရှမ်းလူငယ်ဟာ ဦးခေါင်းမှာ ဓါးဒဏ်ရာပြင်းထန်စွာ ရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်ပြီးပြီးချင်းပဲ ရဲစခန်းကနေ စစ်ဆေးဖော်ထုတ်ပြီး တိုက်ခိုက်သူ မြန်မာအလုပ်သမား ၅ ဦးလုံးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူတို့အားလုံးဟာ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။ မြန်မာအလုပ်သမားတွေက သူတို့ရဲ့ သူငယ်ချင်းတွေကို လိုက်လံစုဆောင်းပြီးနောက် တစ်ဦးတည်းရှိနေတဲ့ လူငယ်ကို တွေ့တဲ့အခါ ဝိုင်းဝန်းရိုက်နှက်ခဲ့တာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ ပြစ်မှုကျူးလွန်သူတွေကို နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး ရိုက်နှက်ရာမှာ သုံးတဲ့ ဓားအပြင်၊ မက်သမ်ဖက်တမင်း ဆေးပြား ၇၀ ကျော်နဲ့ ရေခဲ (Ice) ၄ ဂရမ် ကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။ ရဲမှူးကြီးရဲ့ ပြောကြားချက်အရ ဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံက စက်မှုကျောင်းသား တွေရဲ့ အပြုအမူတွေကို အတုယူပြီး အလုပ်ဝတ်စုံတွေတောင် ဝတ်ဆင်လေ့ရှိကြကြောင်း နဲ့ ဒီလို အုပ်စုဖွဲ့ပြီး အချင်းချင်း ရန်ဖြစ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ပြောတယ်လို့ khaosod သတင်းက ဖော်ပြပါတယ်။