ပွဲစားခ တစ်ဦးကို ဘတ် ၂ သောင်းနီးပါးပေးခဲ့ရ 

ထိုင်းနိုင်ငံ၊ စာရဘူရီပြည်နယ် အဝေးပြေးရဲ တပ်ဖွဲ့က ရာဇ၀တ်မှုများ နှိမ်နင်းရန် စစ်ဆေးရေးဂိတ်များ ချထားစဉ် မသင်္ကာဖွယ် ကားတစ်စီးကို တွေ့ရှိခဲ့တာကြောင့် တားဆီးစစ်ဆေးခဲ့ရာ ကားအတွင်း ပြည့်ကျပ်အောင် တင်လာတဲ့ တရားမဝင် မြန်မာအလုပ်သမား ၈ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အလုပ်သမားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် သို့မဟုတ် တရားဝင် အထောက်အထား တစ်စုံတစ်ရာ မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ယာဉ်မောင်းအား စစ်ဆေးမေးမြန်းရာမှာ အမည်မသိ ထိုင်းအမျိုးသားတစ်ဦးရဲ့ အက်ပ် တစ်ခုကနေ ဆက်သွယ်မှုအရ နခွန်ဆဝမ်ပြည်နယ်မှ မြန်မာအလုပ်သမား အမျိုးသား ၆ဦး အမျိုးသမီး ၂ဦး စုစုပေါင်း ၈ ဦးကို လာရောက်ခေါ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ပို့ဆောင်ခအနေနဲ့ တစ်ဦးလျှင် ဘတ် ၁,၀၀၀ ရရှိမယ်လို့ သဘောတူထားကြောင်းလည်း ထွက်ဆိုခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာအလုပ်သမားတွေကလည်း ထိုင်းနိုင်ငံကို ခိုးဝင်ကာ အလုပ်လုပ်ကိုင်နိုင်ရန်အတွက်ရည်ရွယ်ခဲ့တာဖြစ်ပြီး ပွဲစားခ တစ်ဦးလျှင် ဘတ် ၁၉,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူအားလုံးကို ဥပဒေနဲ့အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ highway police သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version