ကန်ချနပူရီ နဲ့ စူဖန်ဘူရီအဝေးပြေးလမ်းရဲတပ်ဖွဲ့ဟာ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေ တင်ဆောင်ကာမောင်းနှင်လာတဲ့ အနက်ရောင်ပစ်ကပ်ကားတစ်စီးကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံသား ၁၇ ဦးနဲ့ ထိုင်းယဉ်မောင်း တစ်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ရဲတပ်ဖွဲ့က ကန်ချနပူရီခရိုင်၊ ဆိုင်းယို့ခ် ၊ ဆင်းရပ်ကွက်ရှိ လမ်းမကြီးကို ရောက်လာချိန်မှာ ရပ်တန့်စစ်ဆေးခဲ့တာပါ။
ကားအတွင်း ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသားနဲ့အတူ မြန်မာနိုင်ငံသား ၁၇ ဦးကို တွေ့ရှိခဲ့တာဖြစ်ပြီး ဒီရွှေ့ပြောင်းလုပ်သားတွေမှာ တရားဝင်ခရီးသွားလာခွင့် စာရွက်စာတမ်းတွေ မရှိကြပါဘူး။ စစ်ဆေးမေးမြန်းတဲ့အခါ ဒီရွှေ့ပြောင်းလုပ်သားတွေဟာ မြန်မာနိုင်ငံ၊ ထားဝယ်မြို့ကနေ လာရောက်ကြပြီး ဘောင်းတီရွာကနေ သဘာဝလမ်းကြောင်းအတိုင်း တိတ်တဆိတ် ဝင်ရောက်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံရဲ့ အတွင်းပိုင်းဒေသတွေမှာ အလုပ်သွားလုပ်ဖို့ ရည်ရွယ်ထားပြီး ပွဲစားတွေကို တစ်ဦးကို ဘတ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းကို စစ်ဆေးမေးမြန်းတဲ့အခါ လူပွဲစားတွေက ဒီရွှေ့ပြောင်းလုပ်သားတွေကို ကန်ချနပူရီမြို့နယ်ကို ပို့ဆောင်ပေးဖို့ ငှားရမ်းခဲ့ကြောင်း ဝန်ခံခဲ့ပြီး တစ်ဦးကို ဘတ် ၄၀၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ဒါကြောင့် ရဲတပ်ဖွဲ့က တရားမဝင်နိုင်ငံခြားသားတွေကို ကူညီပေးမှုနဲ့ ယာဉ်မောင်းကို စွဲချက်တင်ထားပြီး ရွှေ့ပြောင်းလုပ်သားအားလုံးကို တရားမဝင် ဝင်ရောက်မှုနဲ့ ဆက်လက်တရားစွဲဆိုဖို့အတွက် ဆိုင်းယို့ခ် ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ highway police သတင်းအရ သိရပါတယ်။