ထိုင်းနိုင်ငံမှာ ညပိုင်း သတ်မှတ်ချိန်ကို ကျော်လွန်ပြီး အရက်သောက်သုံးသူတွေဟာ ဒဏ်ကြေးငွေ ဘတ် ၁၀,၀၀၀ အထိ ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။ ဒီစည်းကမ်းအသစ်ကို နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး အတည်ပြုကျင့်သုံးမှာပါ။

အရင်တုန်းကဆိုရင် သတ်မှတ်ချိန်ပြင်ပမှာ အရက်ရောင်းချတဲ့ဆိုင်တွေကိုသာ အဓိကအရေးယူခဲ့တာပါ။ အခုတော့ အရက်သောက်သုံးတဲ့သူတွေကိုပါ တိုက်ရိုက်အရေးယူဖို့ ဥပဒေကို ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။ အထူးသဖြင့် ညသန်းခေါင်ကနေ မနက် ၁၁ နာရီအထိနဲ့ နေ့လယ် ၂ နာရီကနေ ညနေ ၅ နာရီအထိ အရက်ရောင်းတာကို ပိတ်ထားတဲ့အချိန်တွေမှာ အရက်သောက်သုံးရင် ဒဏ်ရိုက်ခံရမှာပါ။

ဒီလိုတင်းကျပ်တဲ့ ဥပဒေချမှတ်လိုက်တာဟာ ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်တယ်လို့ လုပ်ငန်းရှင်တွေက စိုးရိမ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ ဘန်ကောက်၊ ဖူးခက်နဲ့ ဖတ္တရားလို ခရီးသွားတွေအများဆုံးလာတဲ့နေရာတွေမှာ ညသန်းခေါင်ကျော်မှ အရက်သောက်ပြီး ပျော်ပါးလေ့ရှိတာကြောင့်ပါ။ အစိုးရကတော့ ဒီလိုလုပ်ရတာဟာ အရက်သောက်သုံးမှုကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေကို လျှော့ချဖို့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း ညနေ ၂ နာရီကနေ ၅ နာရီအထိ အရက်ရောင်းခွင့်ပိတ်ထားတဲ့ ဥပဒေဟောင်းကို ပယ်ဖျက်လိုက်ပြီဖြစ်လို့ စက်တင်ဘာ ၁၁ ရက်နေ့က စပြီး နေ့လယ်ပိုင်း အရက်ရောင်းလို့ရတာကတော့ လုပ်ငန်းရှင်တွေအတွက် သတင်းကောင်းတစ်ခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ အရက်နဲ့ပတ်သက်ပြီး ဥပဒေတွေ အတင်းကျပ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး Happy Hour လိုမျိုး အရက်ကြော်ငြာပြီး ရောင်းအားမြှင့်တင်တာတွေကိုလည်း တားမြစ်ထားတယ်လို့ thaiger သတင်းမှာဖော်ပြထားပါတယ်။

Share.
Leave A Reply

Exit mobile version