စက်တင်ဘာလ ၁၀ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ချိုင်းနတ်ပြည်နယ်ရှိ ကျောက်ဖရားဆည်မှ ရေထုတ်လွှတ်မှုနှုန်းကို တစ်စက္ကန့်ကို ကုဗမီတာ ၁,၉၀၀ အထိ တိုးမြှင့်လိုက်တာကြောင့် ဆည်အောက်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် ချိုင်းနတ်ခရိုင်၊ ဆန်ဖယာမြို့နယ်နဲ့ သုံးကို့ခ်မြို့နယ်တို့မှာ ရေဘေးဒဏ် အဆိုးဆုံး ခံစားနေရပါတယ်။
ချိုင်းနတ်ခရိုင်၊ ဆန်ဖယာမြို့နယ်မှာ ဆည်က ရေထုတ်လွှတ်မှု တိုးမြှင့်လိုက်တာကြောင့် မြစ်ရေဟာ ၆၃ စင်တီမီတာအထိ မြင့်တက်လာပါတယ်။ ဒါကြောင့် မြေနိမ့်ပိုင်းတွေမှာ ရေစတင်ဝင်ရောက်နေပြီး အာဏာပိုင်တွေက ရေဝင်ရောက်မှုကို တားဆီးဖို့ သဲအိတ်တွေနဲ့ ကာရံနေရပါတယ်။
သုံးကို့ခ်မြို့နယ်မှာတော့ ဝပ်ဆမ်ကို့ခ်ကျောင်းနဲ့ ဝပ်ဆကဲဘုရားကျောင်းတွေမှာ ရေဝင်ရောက်နေလို့ ကျောင်းသားတွေနဲ့ ဘုန်းတော်ကြီးတွေဟာ ဘုရားကျောင်းတွေရဲ့ အပေါ်ထပ်ကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။ မြစ်ကမ်းဘေးမှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေလည်း ရေကြီးရေလျှံမှုနဲ့ ရင်ဆိုင်နေရပြီး စားသောက်ဆိုင်တွေလည်း ပိတ်ထားရပါတယ်။
ဒေသခံပြည်သူတွေရဲ့ ပြောကြားချက်အရ မြစ်ရေဟာ ရုတ်တရက် မြန်မြန်တက်လာပြီး အချို့အိမ်တွေထဲကို စင်တီမီတာ ၅၀ နီးပါး ရေဝင်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ရေကြီးတဲ့အချိန်မှာ အဆိပ်ရှိတဲ့ သတ္တဝါတွေလည်း အိမ်ပေါ်ကို တက်လာနိုင်တာကို ပိုပြီးစိုးရိမ်နေကြရပါတယ်။၂၀၁၁ ခုနှစ်ကလို ပြင်းထန်တဲ့ ရေကြီးရေလျှံမှုမျိုး ထပ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။
ဆည်မြောင်းဦးစီးဌာနရဲ့ သတိပေးချက်အရ မိုးဆက်တိုက်ရွာသွန်းနေတဲ့အတွက် မြစ်ရေဟာ ထပ်မံတိုးလာနိုင်ပြီး ရေထုတ်လွှတ်မှုနှုန်းကိုလည်း တစ်စက္ကန့်ကို ကုဗမီတာ ၂,၀၀၀ အထိ တိုးမြှင့်ရနိုင်တဲ့အတွက် မြစ်ကမ်းဘေးနေထိုင်သူတွေအနေနဲ့ ရေအခြေအနေကို အနီးကပ် စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။