ဟောင်ကောင်ဒေါ်လာ ၂.၃ သန်း လျော်ရ
လွန်ခဲ့တဲ့ငါးနှစ်က မုန်တိုင်းအတွင်းမှာ အစားအသောက်ပို့ရင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ အလုပ်သမားတစ်ဦးကို food pandaက လျော်ကြေးငွေ ဟောင်ကောင်ဒေါ်လာ ၂.၃ သန်းကျော် (ဘတ်ငွေ ၅.၄ သန်း) ပေးဆောင်ဖို့ ဟောင်ကောင်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ တရားလိုဖြစ်သူ Khan ဟာ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့က T8 အဆင့် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားချိန်မှာ အော်ဒါတွေပို့ဆောင်နေရင်း လေပြင်းတိုက်ခတ်လို့ ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျခဲ့တာပါ။
ဒီမတော်တဆမှုကြောင့် သူ့ရဲ့ ကျော၊ ဒူးနဲ့ လက်ချောင်းတွေမှာ ဒဏ်ရာရခဲ့ပြီး ဆေးခွင့်ရက်ပေါင်း ၇၈၅ ရက်အထိ ယူခဲ့ရတယ်လို့ ဆိုပါတယ်။ Foodpanda ရဲ့ ရှေ့နေတွေကတော့ မုန်တိုင်းအန္တရာယ်ကို အလုပ်သမားတွေကို သတိပေးထားပြီးသားဖြစ်လို့ သူတို့ဘာသာ အန္တရာယ်ခံပြီး အလုပ်လုပ်တာလို့ လျှောက်လဲခဲ့ပေမဲ့ တရားသူကြီးက ဒီအဆိုကို ပယ်ချခဲ့ပါတယ်။ တရားသူကြီးရဲ့ အဆိုအရ Foodpanda ဟာ အလုပ်သမားတွေကို မုန်တိုင်းကြားမှာတောင် အလုပ်ဆက်လုပ်ဖို့ ဖိအားပေးခဲ့ပြီး ဘေးကင်းလုံခြုံတဲ့ အလုပ်လုပ်ငန်းစနစ်တစ်ခုကို ပြဋ္ဌာန်းပေးနိုင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကုမ္ပဏီက ဂျာမနီကနေ ဟောင်ကောင်ရဲ့ အော်ဒါစနစ်ကို ချက်ချင်းပိတ်ဖို့ ခက်ခဲတယ်လို့ ပြောတာကိုလည်း တရားသူကြီးက လက်မခံခဲ့ပါဘူး။ တရားရုံးက Khan ဟာ ဆုံးရှုံးမှုတွေအတွက် စုစုပေါင်း ဟောင်ကောင်ဒေါ်လာ ၂.၇ သန်း ရသင့်တယ်လို့ ဆုံးဖြတ်ခဲ့ပေမဲ့ သူ့ရဲ့ ပေါ့ဆမှုကြောင့် လျော်ကြေးရဲ့ ၂၀ ရာခိုင်နှုန်းကို လျှော့ချခဲ့ပါတယ်။ ဒီအမှုမှာ အလုပ်သမားတွေကို ခိုင်းစေရာမှာ သူတို့ရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံပေးဖို့ ဥပဒေအရ တာဝန်ရှိကြောင်း တရားရုံးက ထောက်ပြလိုက်တာပါ။
သတင်း – Bangkokpost