ဖူးခက်မြို့မှာ မြန်မာနိုင်ငံသားတစ်ဦး သေနတ်ပစ်လေ့ကျင့်နေတဲ့ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာမှ သူဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတစ်ဦးဖြစ်နေတာကို တွေ့ရှိခဲ့ပြီး သူနဲ့အတူ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

သေနတ်ပစ်လေ့ကျင့်နေတဲ့ပုံကို အွန်လိုင်းမှာ တင်ခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် မြန်မာနိုင်ငံသားကို သူ့ရဲ့နေအိမ်မှာ ဖူးခက်မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာပါ။ အဲ့ဒီမှာပဲ သူနဲ့အတူ သူ့ရဲ့သူငယ်ချင်းဖြစ်သူ အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသားကိုလည်း ဖမ်းဆီးမမိခဲ့တယ်လို့ ဆိုပါတယ်။ 

သူတို့နှစ်ဦးကို ဖမ်းဆီးရာမှ စိတ်ကြွဆေးပြား ၁၇၅ ပြား၊ အိုင်စ့် ၂၂.၆ ဂရမ်၊ ၉ မီလီမီတာ ကျည်ဆံ ၅ တောင့်၊ သေနတ်တစ်လက်၊ ဆိုင်ကယ် ၃ စီးနဲ့ ငွေသား ဘတ် ၁ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ပြီး အဲဒီမူးယစ်ဆေးဝါးတွေကို ဖူးခက်မှာရှိတဲ့ မြန်မာအလုပ်သမားတွေကို ပြန်ရောင်းဖို့ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကနေ ၎င်းတို့နှစ်ဦးလုံးကို မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုတို့နဲ့  စွဲချက်တင်ထားပြီး တစ်ဦးကိုတော့ တရားမဝင်သေနတ်ပိုင်ဆိုင်မှုနဲ့ ထိုင်းနိုင်ငံမှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်မှုတို့အတွက်ပါ ထပ်မံစွဲချက်တင်ထားကြောင်း MGR သတင်းအရသိရပါတယ်။

Share.
Leave A Reply

Exit mobile version