ထိုင်းအစိုးရအဖွဲ့က မြန်မာနိုင်ငံကနေ စစ်ဘေးရှောင်လာပြီး ယာယီခိုလှုံရာစခန်းတွေမှာနေထိုင်သူတွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ ခွင့်ပြုလိုက်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ လူသားချင်းစာနာမှုအပြင် ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက်ပါ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
အလုပ်အကိုင်ဦးစားဌာနက အဆိုတင်သွင်းခဲ့ပြီးနောက် အစိုးရက သဘောတူခဲ့တာလည်း ဖြစ်ပါတယ်။
ဘာကြောင့် အလုပ်လုပ်ခွင့်ပြုတာလဲ
တရားမဝင်လုပ်သား ပြဿနာကို ဖြေရှင်းဖို့
- တရားဝင်ခွင့်ပြုလိုက်တာကြောင့် တရားမဝင် ခိုးဝင်ပြီး အလုပ်လုပ်တာမျိုးတွေ လျော့နည်းသွားစေပြီး အလုပ်သမားတွေကို စနစ်တကျ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါက နယ်စပ်လုံခြုံရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့
- စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလို လုပ်ငန်းခွင်တွေမှာ လုပ်သားရှားပါးမှုပြဿနာ ရှိနေတာကြောင့် စစ်ဘေးရှောင်တွေကို အလုပ်လုပ်ခွင့်ပေးလိုက်တဲ့အခါ လုပ်သား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။
အစိုးရရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့
- စစ်ဘေးရှောင်တွေကို ကိုယ့်အားကိုယ်ကိုးပြီး ဝင်ငွေရှာခွင့်ပေးလိုက်တဲ့အတွက် ထိုင်းအစိုးရက ရေရှည်စောင့်ရှောက်ပေးရမယ့် ကုန်ကျစရိတ်တွေ လျော့နည်းသွားမှာပါ။
ကျန်းမာရေး ကာကွယ်ဖို့
- တရားဝင်အလုပ်လုပ်မယ့်သူတိုင်းကျန်းမာရေး စစ်ဆေးမှုခံယူပြီး ကျန်းမာရေး အာမခံထားရပါမယ်။ ဒါကြောင့် ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ပြီး ကျန်းမာရေးအတွက်ပါ စိတ်ချရစေပါတယ်။
နိုင်ငံတကာမှာ ပုံရိပ်ကောင်းဖို့
- ထိုင်းနိုင်ငံဟာ လူ့အခွင့်အရေးကို ဦးစားပေးတဲ့ နိုင်ငံဖြစ်ကြောင်း နိုင်ငံတကာကို ပြသရာရောက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေဖို့လည်း အထောက်အကူ ဖြစ်စေပါတယ်။
နောက်ဆက်တွဲအနေနဲ့ ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် သက်ဆိုင်ရာဌာနတွေက အလုပ်လုပ်ခွင့်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို အသေးစိတ် ရေးဆွဲသွားရဦးမှာ ဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်ကို ကိုးကားပြီး The Reporters သတင်းဌာနက ဖော်ပြပါတယ်။