ပတ္တယားက ခရီးသွားလုပ်ငန်းနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေမှာ အလုပ်လုပ်နေတဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေဟာ ၎င်းတို့ရဲ့ ဇာတိနိုင်ငံတွေဆီ ပြန်ဖို့ ဖိအားပေးခံရတာကြောင့် လုပ်သားအင်အား ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရခဲ့ပေမယ့်လည်း ကောလာဟလတွေကတော့ ဆက်ရှိနေဆဲပါ။

ဆောက်လုပ်ရေးကန်ထရိုက်တာ ချစ်တိဖတ် ချန်ထောင်းက နယ်စပ်တင်းမာမှုတွေဖြစ်ပြီးနောက်ပိုင်း သူ့လုပ်သားအများစု ပြန်သွားကြကြောင်း ပြောပါတယ်။တစ်ဖက်မှာလည်း အကြွေးတွေကြောင့် ပြန်မသွားနိုင်ဘဲ ပတ္တာယားမှာ ဆက်အလုပ်လုပ်နေရတဲ့ လုပ်သားတွေလည်းရှိပါတယ်။ 

ကမ္ဘောဒီးယားလုပ်သား မစ္စတာဒမ်က သူ့မိသားစုက ပြန်မလာရင် ပိုင်ဆိုင်မှုတွေ ဆုံးရှုံးမယ်လို့ သတိပေးပေမယ့် ဘဏ်ချေးငွေကြောင့် အကြွေးဆပ်ဖို့ ဒီမှာပဲ ဆက်လုပ်နေရတယ်လို့ ရှင်းပြပါတယ်။ ခရီးသွားကဏ္ဍမှာလည်း ဒီလိုပြဿနာတွေနဲ့ ကြုံနေရပါတယ်။ စပိဘုတ်လုပ်ငန်းပိုင်ရှင် စစ်ထိကွန် ပွန်ထောင်းက သူရဲ့ဝန်ထမ်းတစ်ဝက်ကျော်လောက် ပြန်သွားကြတာကြောင့် ဝန်ဆောင်မှုအရည်အသွေး ထိန်းသိမ်းဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကမ္ဘောဒီးယားအစိုးရက ၎င်းတို့နိုင်ငံသားတွေ ထိုင်းကို ဖြတ်ကျော်သွားလာခွင့်ကို ကန့်သတ်ထားတာကြောင့် အခြေအနေက ပိုရှုပ်ထွေးလာပါတယ်။ အလုပ်သမားတွေ ဆက်ပြီးပြတ်လပ်နေမယ်ဆိုရင် ပတ္တယားစီးပွားရေးအတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး ထိုင်းလူမျိုးတွေကလည်း ဒီလိုအလုပ်တွေကို မလုပ်ချင်ကြတာကြောင့် အလုပ်ရှင်တွေအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။ 

သတင်း – pattayamail

Share.
Leave A Reply

Exit mobile version