တင်းတင်းကြပ်ကြပ် အရေးယူမယ်လို့ ဝန်ကြီးပြော

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ တရားမဝင်အလုပ်သမား ၃၃ ဦးကို ရှာဖွေတွေ့ရှိပြီးနောက် အလုပ်သမားဝန်ကြီးဌာနက တရားမဝင်အလုပ်သမားတွေကို အပြင်းအထန် အရေးယူသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ဒီဖြစ်ရပ်ကြောင့် အလုပ်သမားဝန်ကြီးက တရားမဝင်အလုပ်သမားတွေကို နှိမ်နင်းဖို့အတွက် ကော်မတီတစ်ခု ဖွဲ့စည်းမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

သြဂုတ်လ ၆ ရက်နေ့က ချွန်ဘူရီခရိုင်မှာရှိတဲ့ ပလတ်စတစ်စက်ရုံတစ်ခုမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ခိုးဝင်အလုပ်လုပ်နေတယ်ဆိုတဲ့ သတင်းရရှိခဲ့တာလို့ သိရပါတယ်။ အဲ့ဒီနောက် အလုပ်သမားရှာဖွေရေးဌာနကို ချက်ချင်းစေလွှတ်ပြီး ဝင်ရောက်စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံသား ၅ ဦးနဲ့ မြန်မာနိုင်ငံသား ၂၈ ဦး စုစုပေါင်း ၃၃ ဦးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ၅ ဦးက အလုပ်လုပ်ခွင့်လိုင်စင်မရှိဘဲ အလုပ်လုပ်နေတာဖြစ်ပြီး ကျန် ၂၈ ဦးကတော့ အလုပ်အကိုင် ပြောင်းလဲတာကို သက်ဆိုင်ရာဌာနကို အကြောင်းမကြားဘဲ အလုပ်လုပ်နေတာဖြစ်တယ်လို့ matichon သတင်းအရ သိရပါတယ်။ 

“တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဘယ်လိုအကြောင်းပြချက်နဲ့မှ ခွင့်ပြုပေးမှာမဟုတ်ပါဘူး။ ထိုင်းဥပဒေကို ချိုးဖောက်ရင် အပြင်းထန်ဆုံး အရေးယူသွားမှာပါ”လို့ ဝန်ကြီးက ပြောပါတယ်။

ဥပဒေအရဆိုရင် တရားမဝင် အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေဟာ ဘတ်ငွေ ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ဒဏ်ငွေရိုက်ခံရမှာဖြစ်သလို၊ နိုင်ငံကနေနှင်ထုတ်ပြီး ၂ နှစ်အထိ အလုပ်လုပ်ခွင့်လိုင်စင် လျှောက်ထားလို့ ရမှာမဟုတ်ပါဘူး။ တရားမဝင်အလုပ်သမားတွေကို ခန့်ထားတဲ့ အလုပ်ရှင်တွေကိုလည်း အလုပ်သမားတစ်ဦး အတွက် ဘတ် ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ဒဏ်ငွေရိုက်မှာဖြစ်ပြီး၊ နောက်ထပ် ထပ်လုပ်ရင် ထောင်ဒဏ် ၁ နှစ်အထိ ကျခံရနိုင်သလို ဘတ် ၅၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ ဒဏ်ငွေရိုက်ခံရနိုင်ပါတယ်။ ဒါ့အပြင် ၃ နှစ်အထိ နိုင်ငံခြားသားအလုပ်သမား ခန့်ထားခွင့်လည်း ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

Share.
Leave A Reply

Exit mobile version