ထိုင်းနိုင်ငံအတွင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့သတင်းများအရ တာခ့်ခရိုင် ၊ ချွန်ပူရီခရိုင်နဲ့ ဖုတ်ဖရာဒေသတွေမှာ တစ်ရက်အတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၈၀ နီးပါး ရှိတယ်လို့ သိရပါတယ်။ ပက်သလင်းခရိုင်မှာ စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းပြီး မောင်းပြေးတဲ့ ကားတစ်စီးကို အဝေးပြေးရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး ကားအတွင်းမှာ မြန်မာနိုင်ငံသား ၂၄ ဦးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
တာ့ခ်ခရိုင်မှာလည်း ဩဂုတ်လ ၆ ရက်နေ့ တစ်ရက်တည်းမှာတင် မြန်မာနိုင်ငံသား ၁၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ဒါ့အပြင် ဖုတ်ဖရာ ခရိုင်မှာ မြန်မာ ၁၂ ဦး ထပ်မံအဖမ်းခံရသေးတယ်လို့ သိရပါတယ်။ ချွန်ဘူရီခရိုင်မှာလည်း ပလက်စတစ်စက်ရုံမှ မြန်မာ အလုပ်သမား ၂၈ ဦးဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တစ်ရက်အတွင်းဖမ်းဆီးခံရသူ စုစုပေါင်း ၇၉ ဦးခန့် ရှိလာတာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူ အများစုဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေအပြင် နိုင်ငံကူးလက်မှတ် မရှိတာ၊ ဒါမှမဟုတ် ဗီဇာသက်တမ်း ကုန်ဆုံးနေတာတွေကြောင့် ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူအားလုံးကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေပြီး ဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး တစ်ချို့ကိုတော့ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။