တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ဦးကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရပါတယ်။
ဩဂုတ်လ ၆ ရက်နေ့က ဒေသ ၆ ရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်များက ဖုတ်ဖရမြို့နယ်၊ ဟွိုင်နမ်နတ်ရွာ အနီးတစ်ဝိုက်မှာ ကင်းလှည့်စဉ် သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့တာကြောင့် ရပ်တန့် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးကြည့်ရာမှာ ကားကို အသက် ၄၁ နှစ်အရွယ် ထိုင်းနိုင်ငံသား ယာဉ်မောင်းက မောင်းနှင်လာခြင်းဖြစ်ပြီး ၎င်းအနေနဲ့ တာ့ခ်ခရိုင်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
ကားပေါ်ကို စစ်ဆေးကြည့်ရာမှာ မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၂ ဦး လိုက်ပါလာတာကို တွေ့ရပြီး ယာဉ်မောင်းဖြစ်သူကို မေးမြန်းစစ်ဆေးရာ ၎င်းအနေနဲ့ အဆိုပါ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ယာဉ်မောင်းဖြစ်သူကို နိုင်ငံခြားသားများ ဖမ်းဆီးခြင်းမှ လွတ်မြောက်စေရန် ကူညီခြင်းစွဲချက်ဖြင့် အမှုဖွင့်ခဲ့ပြီး ကားပေါ်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦးကိုလည်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသားများဖြစ်ခြင်း စွဲချက်ဖြင့် တရားစွဲဆိုကာ ဆက်လက် အရေးယူသွားမှာဖြစ်ကြောင်း policen news varieties သတင်းအရ သိရပါတယ်။