ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကမ္ဘောဒီးယားအလုပ်သမား ရာနဲ့ချီဟာ ကောလဟာလတွေကြောင့် နေရပ်ကို အလျင်အမြန် ပြန်နေကြပါတယ်။အိမ်ခြံမြေတွေ သိမ်းခံရမယ်ဆိုတဲ့ သတင်းတွေဟာ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပြီး မိသားစုဝင်တွေကလည်း အိမ်ကို အမြန်ပြန်ဖို့ တိုက်တွန်းနေကြတာကြောင့် အလုပ်သမားတွေဟာ အလုပ်တွေကို စွန့်ပြီး ပြန်လာကြတာလို့ သိရပါတယ်။

ကလေးငယ်တွေနဲ့အတူ ကမ္ဘောဒီးယားအလုပ်သမား ၅၀၀ လောက်ဟာ အရန်ပရာသတ်ခရိုင်က ဘန်ခလောင်းလူးခ နယ်စပ်ဂိတ်မှာ တန်းစီပြီး မိခင်နိုင်ငံကို ပြန်ဖို့ စောင့်ဆိုင်းနေကြတာပါ။ အလုပ်သမားအများစုကတော့ မိသားစုဝင်တွေက အိမ်ကို အမြန်ပြန်ဖို့ ဖုန်းဆက်တာကြောင့် ပြန်လာကြတာဖြစ်တယ်လို့ ဆိုပြီး တချို့ကတော့ မိသားစုနဲ့ ပြန်ဆုံချင်တာကြောင့် ပြန်လာတာဖြစ်တယ်လို့ ဖြေကြားခဲ့ကြပါတယ်။

အာဏာပိုင်တွေက အိမ်မပြန်ရင် အိမ်၊ မြေနဲ့ အကျိုးခံစားခွင့်တွေကို သိမ်းမယ်လို့ ခြိမ်းခြောက်နေတယ်ဆိုတဲ့ ကောလဟာလတွေဟာ မှန်ကန်သလားဆိုတဲ့ မေးခွန်းကို အလုပ်သမားတွေက တိကျတဲ့အဖြေ မပေးနိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒီကောလဟာလတွေနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေကို ထပ်မေးရဦးမယ်လို့ ဆိုကြပါတယ်။

အလုပ်သမားတစ်ဦးကတော့ ကမ္ဘောဒီးယားမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတာကြောင့် အခြေအနေတွေ ပြန်ကောင်းလာရင် ထိုင်းကို ပြန်လာပြီး အလုပ်လုပ်မယ်လို့ ပြောပါတယ်။ 

သတင်း – khaosod 

Share.
Leave A Reply

Exit mobile version