ထိုင်းနိုင်ငံမှာ ပိုကာကစားနည်းကို လောင်းကစားအဖြစ် သတ်မှတ်ထားတာကနေ တရားဝင် အားကစားတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါပြီ။ ပြည်ထဲရေးဝန်ကြီး ဖုန်ထမ် ဝေချာယာချိုင်ဟာ ခေတ်မမီတော့တဲ့ စည်းမျဉ်းတွေကို ပယ်ဖျက်ပြီး ပိုကာကို အားကစားတစ်ခုအဖြစ် မြှင့်တင်ဖို့နဲ့ နိုင်ငံတကာပြိုင်ပွဲတွေ လက်ခံကျင်းပနိုင်ဖို့အတွက် အမိန့်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
ဒီလို ပြောင်းလဲဖို့ ဆုံးဖြတ်တာဟာ အရေးကြီးပြီး ဥပဒေရေးရာတွေကို သေသေချာချာ စဉ်းစားခဲ့ရတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ ပိုကာကို တရားဝင် အားကစားအဖြစ် သတ်မှတ်နိုင်ဖို့ ဥပဒေပိုင်းဆိုင်ရာ အတားအဆီးတွေ ရှိနေသေးပေမယ့် ကြီးကြပ်ကွပ်ကဲမှုတွေနဲ့ သင့်တော်တဲ့အရာတွေကို ခွင့်ပြုပြီး မသင့်တော်တာတွေကိုတော့ တားမြစ်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ပိုကာကို တားမြစ်ထားတဲ့ အမိန့်ကိုတော့ ရုပ်သိမ်းလိုက်ပြီဖြစ်ပေမယ့် အပြီးသတ် တရားဝင်ခွင့်ပြုဖို့အတွက် စည်းကမ်းသတ်မှတ်ချက်တွေ ထပ်မံချမှတ်ရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စအတွက် ဥပဒေပြင်ဆင်မှုတွေနဲ့ စည်းမျဉ်းတွေကို စနစ်တကျ အကောင်အထည်ဖော်နိုင်ဖို့ ကော်မတီတစ်ခု ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။
ပိုကာကို ဥပဒေအရ လွတ်လပ်ခွင့်ပေးလိုက်ပေမယ့် တခြားလောင်းကစားတွေကတော့ ဆက်ပြီး ထိန်းချုပ်ထားဦးမှာဖြစ်ပါတယ်။အားကစားတစ်ခုအနေနဲ့ ပိုကာဟာ ရှင်သန်ဖွံ့ဖြိုးဖို့နဲ့ အပြိုင်အဆိုင် ကစားခွင့်ရှိသင့်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့် စနစ်တကျနဲ့ စည်းကမ်းချက်တွေအောက်မှာပဲ ခွင့်ပြုသွားမယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
သတင်း – thenation