အယုဒ္ဓယပြည်နယ် မဟာရတ်ခရိုင်အတွင်း ဟင်းသီးဟင်းရွက်တင်သည့် ကားအသွင်နှင့် မသင်္ကာစရာအဖြူရောင်ပစ်ကပ်ကားတစ်စီးကို ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ မြန်မာလုပ်သား ၃၀ ဦးကိုဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ယာဉ်မောင်းအနေနဲ့ ယခင်အလုပ်ရှင်ရဲ့ ကျေးဇူးကိုဆပ်ဖို့ အခုလို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ကားကို စစ်ဆေးကြည့်ရာမှာ ၄၅ နှစ်အရွယ်ယာဉ်မောင်း နဲ့ ၎င်းအလုပ်ရှင်ရဲ့ လက်ထောက်ဖြစ်သူတို့ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ကားအတွင်းပိုင်းကိုစစ်ဆေးရာမှာတော့ နှစ်ထပ်ပြုလုပ်ထားကာ မြေဩဇာအိတ်တွေ၊ကောက်ရိုးတွေနဲ့ ဖုံးအုပ်ထားပြီး အတွင်းမှာတော့ မြန်မာနိုင်ငံသား အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ၁၀ ဦးတို့ ပြွတ်သိပ်ထိုင်လျက်ရှိတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အလုပ်သမားတွေအနေနဲ့ တရားဝင်စာရွက်စာတမ်းတွေလည်း မရှိဘူးလို့ ဆိုပါတယ်။ 

ယာဉ်မောင်းက ၎င်း၏ အလုပ်ရှင်ဟောင်းက မိခင်ရဲ့ ဆေးကုသစရိတ်ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့  နိုင်ငံခြားသား လုပ်သားများကို နယ်စပ်မှ အယုဒ္ဓယသို့ မောင်းနှင်ပို့ဆောင်ပေးရန် ဆက်သွယ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် အလုပ်သမားတွေကို သယ်ယူပို့ဆောင်ပေးခဲ့တာဖြစ်ပြီး လုပ်အားခညှိနှိုင်းမှု မရှိသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။ ၎င်းအနေနဲ့ လွန်ခဲ့တဲ့ လေးလလောက်ကမှ တရားမဝင်လုပ်သား သယ်ယူပို့ဆောင်မှုနဲ့ ဖမ်းဆီးခံရပြီး ထောင်က လွတ်မြောက်ခဲ့သူ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

မြန်မာလုပ်သားတွေစစ်ဆေးမေးမြန်းရာမှာ ၎င်းတို့အနေနဲ့ ထိုင်းနိုင်ငံမှာအလုပ်ရန်အတွက် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်က သဘာဝလမ်းကြောင်းတွေကနေ ခိုးဝင်လာခဲ့ကြတာဖြစ်ပြီး တစ်ဦးလျှင် ၁၂,၀၀၀ မှ ၁၈,၀၀၀ ဘတ်အထိ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ယာဉ်မောင်းနဲ့လက်ထောက်ဖြစ်သူတို့ကို တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးခံရခြင်းမှ ကာကွယ်ရန် အကူအညီပေးခြင်းဖြင့် အရေးယူထားပြီး လုပ်သားအားလုံးကိုတော့ နိုင်ငံထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်းတို့ဖြင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

သတင်း – matichon 

Share.
Leave A Reply

Exit mobile version