မြန်မာနိုင်ငံသားတစ်ဦး ထိုးကြိတ်ခံရတဲ့ ဗီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် နစ်နာသူ အမျိုးသားအတွက် MHAC မဟာမိတ်အဖွဲ့က ကူညီပေးနေပြီး ဒီကနေ့ ရဲစခန်းမှာ စစ်ချက်ရယူလိုက်တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က ကျူးလွန်သူအမျိုးသားကို ဆင့်ခေါ်ပြီး ဆက်လက်စစ်ဆေးစုံစမ်းမယ်လို့ ပြောပါတယ်။ 

ဇန်နဝါရီ ၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ပထုန်ဋ္ဌာနီမှ သားညီ ဆိုတဲ့ အသက် ၂၄ နှစ်အရွယ် မြန်မာလူငယ်တစ်ဦးက ၎င်းရဲ့ ၁ လသားအရွယ် နှလုံးရောဂါအခံရှိတဲ့ ကလေးအတွက် ဆေးဝယ်ဖို့ ည ၉ နာရီလောက်အပြင်ထွက်ခဲ့အချိန်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ဆေးရုံနားမှာ ဆိုင်ကယ်ဘီးပေါက်သွားတာကြောင့် အနီးနားက ဆိုင်ကယ်ပြင်ဆိုင်မှာ ပြင်ခဲ့ပြီး ဘတ် ၁၄၀ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာအမျိုးသားက ဘတ် ၅၀၀ တန်နဲ့ ၁၀၀၀ တန် ပေးသော်လည်း အကြွေမရှိတာကြောင့် ညီမဖြစ်သူဆီက အကြွေသွားယူမယ်ဆိုကာ ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင် ထိုင်းအမျိုးသားက လိမ်ပြေးတယ်ထင်ပြီး ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးနဲ့ လိုက်လာကာ ရဲစခန်းနားအရောက်မှာ ထိုးကြိတ်ခဲ့ပြီး နောက်တစ်ဦးက ဗီဒီယိုရိုက်ခဲ့တာပါ။

ဒီဗီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက်  M.H.A.C (မဟာမိတ်အဖွဲ့)က နစ်နာသူရဲ့ အလုပ်ရှင်နဲ့ ပူးပေါင်းပြီး ဒီအမှုကိစ္စကို လိုက်ပါကူညီပေးနေတာ ဖြစ်ပါတယ်။ လိုအပ်ရင် ရှေ့နေငှါးဖို့အထိ ပြင်ဆင်ထားတယ်လို့ MHAC မှ ကိုရဲမင်းက ဘီကွန်မြန်မာကို ပြောပါတယ်။ 

နစ်နာသူအနေနဲ့ ဆေးရုံကဆင်းတာ ၁၀ ရက်လောက်ပဲရှိသေးတဲ့ ဇနီးနဲ့ နှလုံးရောဂါအခံရှိတဲ့ ၁ လသား ကလေးငယ်တို့ကို မထိခိုက်စေချင်တာကြောင့် တိတ်တဆိတ် နေခဲ့ပေမယ့် ကျူးလွန်ခဲ့တဲ့ ထိုင်းအမျိုးသားဘက်က ၎င်းတို့ရိုက်ထားတဲ့ ဗီဒီယိုကို “လူလိမ်” ဆိုပြီး Facebook ပေါ် တင်လိုက်တာကြောင့် M.H.A.C (မဟာမိတ်အဖွဲ့) ကို အကူအညီတောင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Share.
Leave A Reply

Exit mobile version