ထိုင်းနိုင်ငံ၊ ချွန်ပွန်ခရိုင်၊ ဖထီဝ်မြို့နယ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး “No Drugs No Dealers” စစ်ဆင်ရေးကို ပြုလုပ်ခဲ့ရာ မူးယစ်ဆေးရောင်းချသူ မြန်မာနိုင်ငံသား ၅ ဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒီစစ်ဆင်ရေးကို ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခြားအစိုးရဌာနတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး မူးယစ်ဆေးသုံးသူ ၆ ဦးအား ဆေးကုသရေးအတွက် ဘန်ဖလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး မူးယစ်ဆေးသုံးစွဲသူတွေထံမှ အချက်အလက်ရယူကာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

ပထမဖမ်းဆီးမှုအတွင်း ခေါင်ချိုင်းရတ်မြို့နယ်မှ မြန်မာနိုင်ငံသား Mr.Tone ဆိုသူကို ဖမ်းဆီးမိခဲ့ပြီး ၎င်းဆီကနေ ယာဘ ၁၁၇ ပြား၊ ငွေသား ၂,၀၀၀ ဘတ်၊ မိုဘိုင်းဖုန်း ၁ လုံး၊ လက်လုပ်သေနတ် ၁ လက်နဲ့ ကျည်ဆန် ၂၁ တောင့် ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ ၎င်းအား မူးယစ်ဆေးဝါးရောင်းချရန် လက်ဝယ်ထားရှိမှု ၊ သေနတ်နဲ့ ကျည်ဆံများ လက်ဝယ်ထားရှိမှု ၊တရားမဝင် နေထိုင်မှုတွေနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။ 

ဒုတိယဖမ်းဆီးမှုမှာ မြန်မာနိုင်ငံသား ဇော်ပိုင်ဆိုသူနှင့် စိုးစိုးမွန်ဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ဆီမှ ယာဘ ၁,၄၀၉ ပြား၊ ပြန်လည်ထုပ်ပိုးရန်အိတ်ငယ် ၅၀ လုံး၊ မိုဘိုင်းဖုန်း ၂ လုံး၊ လက်လုပ်ပစ္စတို ၁ လက်နဲ့ ကျည်ဆန် ၂၂ တောင့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းတို့နှစ်ဦးကိုလည်း မူးယစ်ဆေးရောင်းဝယ်မှု၊ သေနတ်နဲ့ ကျည်ဆံလက်ဝယ်ထားရှိမှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။

နောက်ထပ်ဖမ်းဆီးမှုတစ်ခုမှာတော့ မြန်မာနိုင်ငံသား စန်းထွန်းဆိုသူနဲ့ ခင်ခင်ထွေးဆိုသူကို ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့ဆီမှ ယာဘ ၆,၄၀၉ ပြား၊ မိုဘိုင်းဖုန်း ၁ လုံး၊ လက်လုပ်သေနတ်ရှည် ၃ လက်နဲ့ ကျည်ဆန်တစ်ချို့အပြင် ဒစ်ဂျစ်တယ် အလေးချိန်ချိန်စက် ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ၎င်းတို့နှစ်ဦးကိုလည်း မူးယစ်ဆေးရောင်းဝယ်မှုနဲ့ သေနတ်ပိုင်ဆိုင်မှုတွေနဲ့ စွဲချက်တင်ထားပြီး ဖမ်းဆီးခံရသူ၅ ဦးအနေနဲ့ စကားပြန်မပါပဲ ထိုင်းစကားပြောဆိုနိုင်ကြတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ တရားခံအားလုံးကို ရဲစခန်းသို့ လွှဲပြောင်းကာ ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 

သတင်း – policetv

Share.
Leave A Reply

Exit mobile version