ဖူးခက်မြို့က ဖုန်းဆိုင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကတော့ ဖုန်းဆိုင်တွေသွားရင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ဓာတ်ပုံတွေကို ဘယ်လောက်အထိ သတိထားသင့်လဲဆိုတာကို သတိပေးလိုက်ပါပြီ။ အသက် ၂၂ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက Central Phuket မှာရှိတဲ့ ဖုန်းအရောင်းဆိုင်တစ်ခုမှာ သူ့ဖုန်းကို ပြင်ဖို့သွားခဲ့ရာကနေ ၎င်းရဲ့ ကိုယ်ပိုင်ဓာတ်ပုံတွေ အခိုးခံလိုက်ရတာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဆိုပါအမျိုးသမီးက ရင်သားခွဲစိတ်ထားတာကို ဆရာဝန်ပြဖို့အတွက် ရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ တယ်လီဂရမ်မှာ ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို Tinder မှာ “Nam 30” ဆိုတဲ့ နာမည်နဲ့ တစ်စုံတစ်ယောက်က သူ့ပုံတွေယူပြီး အယောင်ဆောင်သုံးနေတာကို တွေ့ရှိခဲ့တာပါ။ ဒီဓာတ်ပုံတွေဟာ သူဘယ်တုန်းကမှ လူမှုကွန်ရက်မှာ မတင်ဖူးတဲ့ပုံတွေ ဖြစ်တာကြောင့် ဖုန်းဆိုင် ဝန်ထမ်းတွေ ခိုးယူခဲ့တာဖြစ်မယ်လို့ သံသယဖြစ်ခဲ့တာပါ။ အဲဒီနောက် ဆိုင်ကို ပြန်သွားစုံစမ်းကြည့်တော့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Siwasan Thanyakan ရဲ့ ကိုယ်ပိုင်ဖုန်းထဲကို သူ့ဓာတ်ပုံတွေ ရောက်နေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
AirDrop နဲ့ ပို့ပြီး Telegram မှာ ဖြန့်ဝေခဲ့တယ်လို့လည်း စွပ်စွဲထားပြီး ဆိုင်က CCTV မှတ်တမ်းတွေအရလည်း နောက်ထပ် ဝန်ထမ်း ၅ ဦးပါ ဒီအမှုမှာ ပတ်သက်နေတယ်လို့ တွေ့ရပါတယ်။ Thaiger သတင်းမှာတော့ ဖုန်းအရောင်းဆိုင်ဟာ Studio 7 ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအမျိုးသမီးဟာ CCTV အထောက်အထားတွေနဲ့အတူ ရဲစခန်းမှာ တိုင်ကြားထားပေမယ့် အမှုကတော့ ခုထိ မပြီးပြတ်သေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် သံသယရှိသူတွေက ဒေသတွင်း သြဇာရှိတဲ့လူတစ်ယောက်က အကာအကွယ်ပေးထားတယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ၎င်းရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပြီး လူသိရှင်ကြား ချပြခဲ့တာလို့လည်း ဆိုပါတယ်။
သတင်း – thaiger