ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်၊ သောင်ဖာပွန်မြို့နယ်မှာ မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ရန်အတွက် တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းတွေကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။ 

အာဏာပိုင်တွေဟာ သောင်ဖာပွန်ကို ဖြတ်သန်းသွားမယ့် တရားမဝင် မြန်မာလုပ်သားတွေရဲ့ သတင်းရရှိပြီးနောက် သံသယရှိတဲ့ လမ်းကြောင်းတွေတစ်လျှောက် ကင်းလှည့်ခဲ့ကြရာမှ တာခနွန်ရပ်ကွက်နားမှာ ဗန်ကားတစ်စီးကို သံသယရှိဖွယ် တွေ့ရှိခဲ့တာကြောင့် သောင်ဖာပွန် သုံးလမ်းဆုံမှာ စစ်ဆေးရေးဂိတ်ကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကားနဲ့အတူပါလာတဲ့ နောက်ထပ်ကားတစ်စီးက အာဏာပိုင်တွေကို လမ်းပိတ်ပြီး တားဆီးခဲ့တာကြောင့် ဗန်ကားက ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ လမ်းပိတ်တဲ့ကားလည်း ထွက်ပြေးသွားခဲ့တာကြောင့် အာဏာပိုင်တွေဟာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး လိုက်လံရှာဖွေခဲ့ရာမှာ တာခနွန်ရပ်ကွက်နားက တောအုပ်ဘေးမှာ ရပ်ထားတဲ့ ပစ်ကပ်ကားတစ်စီးထဲမှာ မြန်မာလုပ်သား ၉ ဦးကို တွေ့ရှိခဲတယ်လို့ဆိုပါတယ်။ နောက်ထပ် ဗန်ကားတစ်စီးကိုတော့ စားသောက်ဆိုင်အနီးမှာ တွေ့ရှိခဲ့ပြီး ကားထဲမှာ မြန်မာလုပ်သား ၃၃ ဦးကို တွေ့ရပေမယ့် ယာဉ်မောင်းကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ 

စုစုပေါင်း မြန်မာလုပ်သား ၄၂ ဦးကို ဖမ်းဆီးရမိခဲ့ရာမှာ အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၁၁ ဦးနဲ့ ကလေး ၂ ဦး ပါဝင်ပြီး ကနဦး စစ်ဆေးမေးမြန်းမှုတွေအရ ၎င်းတို့အနေနဲ့ မလေးရှားမှာ အလုပ်လုပ်ဖို့အတွက် ပွဲစားတွေကို တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ ကနေ ၂၀,၀၀၀ ကြား ပေးခဲ့တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။ ဖမ်းဆီးရမိသူအားလုံးကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံသို့ ဝင်ရောက်နေထိုင်ခြင်းဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုဖို့ သောင်ဖာပွန်ရဲစခန်းကို ပို့ဆောင်ခဲ့ပြီး ထွက်ပြေးနေတဲ့ ယာဉ်မောင်းတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရပါတယ်။

သတင်း – MGR 

Share.
Leave A Reply

Exit mobile version