ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ ပိုက်လိုင်းတပ်ဆင်တဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၁၈ ဦးအား ၎င်းတို့ရဲ့ သူဌေးဖြစ်သူမှ လုပ်ခလစာ ၄လခွဲစာ မပေးပဲ အလုပ်တွေ ဆက်လက်ခိုင်းစေနေတယ်လို့ သိရပါတယ်။
အလုပ်သမားတွေအနေနဲ့ လုပ်အားခများရရှိရန် အလုပ်ရှင်ထံ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိဘူးလို့ ဆိုပါတယ်။ ဇွန်လ ၂၂ ရက်နေ့က လေးကြိမ်မြောက်အဖြစ် လုပ်ခလစာတစ်ဝက်ခန့် ဖြစ်စေ ရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း အလုပ်ရှင်က လျစ်လျူရှုခဲ့တာကြောင့် အလုပ်သမားတွေအနေနဲ့ အခတ်အခဲတွေကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
၎င်းတို့အနေနဲ့ လစာများပြန်လည်ရရှိစေရန်အတွက် MHAC အလုပ်သမား မဟာမိတ်အဖွဲ့ကို အကူအညီတောင်းခံခဲ့တာကြောင့် လုပ်သားများနဲ့အတူ နယ်မြေအစိုးရအလုပ်သမားရုံး (စဝါဒီကန်ရုံး) သို့ သွားရောက်တိုင်ကြားပေးခဲ့ပြီး အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။
“အခုနောက်ပိုင်းမှာ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာမရတာ ၊ လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခံရတာ ၊ အကြောင်းမဲ့ အလုပ်ထုတ်ခံရတာ စတဲ့ အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ MHAC ကို အကူညီတောင်းခံလာတာ ဒီ ၆လပိုင်း ၇လပိုင်းအတွင်းမှာတင် ဒီလိုအမှုကိစ္စမျိုး ၅၀ လောက်ရှိနေပြီ”လို့ MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းကပြောပါတယ်။