ကန်ချနာဘူရီပြည်နယ်၊ ထောင်ဖာပွန်ခရိုင်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၄၈ ဦးကိုသယ်ဆောင်လာတဲ့ ကား ၃ စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
တရားမဝင်နိုင်ငံခြားသားတွေ ဝင်ရောက်လာတယ် ဆိုတဲ့သတင်းအရ အာဏာပိုင်တွေက သွားရောက်စစ်ဆေးခဲ့ရာ ဇူလိုင် ၁၇ ရက်နေ့ညမှာ ရာဘာခြံတစ်ခုအတွင်း မသင်္ကာဖွယ်ကား ၃ စီးကို တွေ့ရှိခဲ့ပြီး ကားအတွင်း အမျိုးသား ၃၈ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၄၈ ဦးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ယာဉ်မောင်းတွေကတော့ ဖမ်းဆီးမယ့်အရိပ်အယောင်ကြောင့် အလုပ်သမားတွေကို ထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကို စစ်ဆေးမေးမြန်းရာမှာ တရားဝင် ဝင်ခွင့်စာရွက်စာတမ်းတွေလည်း မရှိပဲ ထိုင်းစကားလည်း မပြောတတ်ကြဘူးလို့ သိရပါတယ်။ ၎င်းတို့အနေနဲ့ မြန်မာနယ်စပ်မှ သဘာဝလမ်းကြောင်းတစ်လျှောက် ဝင်ရောက်လာတာဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ရန် အတွက် ပွဲစားကို တစ်ဦးလျှင် ၁၈,၀၀၀ ဘတ်ပေးဖို့ သဘောတူထားကြတယ်လို့ဆိုပါတယ်။
ဖမ်းမိတဲ့ ယာဉ်တွေနဲ့ ပတ်သက်ပြီး ပိုင်ရှင်တွေကို စုံစမ်းနေဆဲဖြစ်ပြီး၊ ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေကိုတော့ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့်ထားပြီး လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
သတင်း – kanchanaburinews