ထိုင်းနိုင်ငံ ၊ စမွတ်ဆာခွန်ခရိုင် ၊ မဟာချိုင်နယ်မြေက ကော်ဇွန်းစက်ရုံ မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၅၀ ဦးအနေနဲ့ အချိန်ကာလ ၂ နှစ်နီးပါးလောက်ကြာအောင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာကြောင့် စားဝတ်နေရေးအဆင်မပြေတဲ့အထိ နစ်နာမှုတွေရှိလာတယ်လို့ သိရပါတယ်။
စက်ရုံဘက်က အလုပ်သမားတွေကို အလုပ်ချိန်တွေပိုခိုင်းတဲ့အပြင် ပိုခိုင်းတဲ့အချိန်တွေအတွက် လုပ်ခလစာမပေးတာ ၊လုပ်နိုင်စွမ်းထက်ပိုခိုင်းတာ ၊ မနိုင်ဝန်ထမ်းခိုင်းတာ ၊လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရတဲ့အခါ ဆေးရုံဆေးခန်းပို့တာမျိုး တာဝန်ယူပေးတာမျိုးမရှိတာ နဲ့ အစိုးရရုံးပိတ်ရက်လိုမျိုး တစ်နှစ်တာခံစားခွင့်ရှိတဲ့ရက်တွေ မပေးတာမျိုးတွေ ရှိတယ်လို့သိရပါတယ်။ အခုလို အလုပ်သမားအခွင့်အရေးနဲ့ပတ်သတ်ပြီး ဖိနှိပ်ခံရတာတွေကို ထွက်ပြောတဲ့သူတွေကိုလည်း အလုပ်ဖြုတ်ပစ်တာမျိုးအထိ ရှိတယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေအနေနဲ့ မိမိတို့အခွင့်အရေးတွေ ပြန်ရဖို့ M.H.A.C (မဟာမိတ်အဖွဲ့) ကို အကူအညီတောင်းခံခဲ့တာကြောင့် M.H.A.C ဦးဆောင်ပြီး အလုပ်သမားဝန်ကြီးဌာနနဲ့ပူးပေါင်းကာ မဟာချိုင်ဆဝါဒီကန်ရုံးမှာ ဆွေးနွေးညှိနှိုင်းခဲ့ကြရာ နယ်မြေခံအာဏာပိုင်တွေကလည်း အလုပ်သမားတွေ ဆုံးရှူံးနေတဲ့အခွင့်အရေးတွေကို ပြန်ရအောင် တာဝန်ယူဆောင်ရွက်မယ်လို့ ကတိပြုခဲ့တယ်လို့ သိရပါတယ်။
“ထိုင်းရောက်အလုပ်သမားတွေအနေနဲ့ အလုပ်သမားအခွင့်အရေးတွေ ပြင်းပြင်းထန်ထန် ပေါ်ပေါ်ထင်ထင်ချိုးဖောက်လာတာမျိုးတွေဆိုရင် စည်းလုံးညီညွတ်စွာ တိုင်ပင်ဆွေးနွေးပြီး ပထမအဆင့် အလုပ်ရုံကို တောင်းဆိုဆွေးနွေးမယ် ၊ မရဘူးဆိုရင် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့အစည်းတွေနဲ့တိုင်ပင်ဆွေးနွေးပြီး ဥပဒေအတိုင်း ထိုင်းအစိုးရထံ တောင်းဆိုတာတွေ တစ်ဆင့်ချင်းလုပ်ဆောင်ကြဖို့ ၊ အလုပ်ရုံဘက်ကို ဆူပူဆန္ဒပြတာမျိုးမလုပ်ပဲ ငြိမ်းချမ်းစွာတောင်းဆိုဖို့ အကြံပေးချင်ပါတယ် “ လို့ MHAC အလုပ်သမားမဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။