ထိုင်းနိုင်ငံ ပါကျင်ဘူလီခရိုင်၊ ကဘင်ဘူလီမြို့၊ ဘိုထောင်ကျေးရွာရှိ တစ်ခါသုံးထမင်ဘူးစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ MOU အလုပ်သမားတစ်ဦးဟာ ဇူလိုင် ၁၁ ရက်နေ့က ညဆိုင်းအလုပ်လုပ်နေစဉ် စက်ချို့ယွင်းမှုကို ပြင်ပေးချိန်အတွင်း စက်ထဲမှာ ချော်ကျသွားပြီး မတော်တဆဖြစ်ခဲ့တဲ့ကိစ္စ စက်ရုံဘက်မှ လျော်ကြေးပေးဆောင်ဖို့ တာဝန်ပြန်ယူသွားတယ်လို့သိရပါတယ်။
အဆိုပါကိစ္စဖြစ်ဖြစ်ချင်းမှာ စက်ရုံကတာဝန်ယူလုပ်ဆောင်မပေးတာကြောင့် စက်ရုံအလုပ်သမား တွေက ဆန္ဒပြခဲ့ကြပြီး နစ်နာသူအတွက် တရားမျှတမှုရရှိစေရန် WAG အဖွဲ့ကို ဆက်သွယ် အကူအညီတောင်းခံခဲ့တာကြောင့် ဇူလိုင် ၁၁ မနက်ပိုင်းမှာ WAG အဖွဲ့ဝင်တွေနဲ့အတူ မြို့နယ်ဝန်ထမ်းတွေဖြစ်တဲ့ စဝါဒီကန်ရုံး၊ နယ်မြေခံရဲ၊တရားမျှတရေးရုံး တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပူးပေါင်းပြီး စက်ရုံနဲ့ ကြားစပ်ကုမ္ပဏီကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
နစ်နာသူအနေနဲ့ ဆေးရုံမှာ အောက်ဆီဂျင်ပိုက်နဲ့အသက်ရှင်နေရတဲ့အနေအထားဖြစ်ပြီး ယနေ့မှာတော့ အောက်ဆီဂျင်ပိုက်ဖြုတ်ကာ လက်လွှတ်ရမယ့် အနေအထားရှိနေတာပါ။ လက်ရှိမှာတော့ စက်ရုံဘက်မှ နစ်နာသူအတွက် ပကန်စန်ခွန်ရုံးက သတ်မှတ်လိုက်တဲ့ပမာဏအတိုင်း လျော်ကြေးပေးဆောင်ဖို့ တာဝန်ယူသွားကြတယ်လို့ ဆိုပါတယ်။
“mou အလုပ်သမားအနေနဲ့ ပကန် ၄ လ သွင်းရတာမှာ ဒီစက်ရုံမှာ သူက ၂ လကျော်ပဲသွင်းရသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူဌေးကအခွန်ဆောင်လိုက်ရင် အလုပ်သမားရဲ့ရပိုင်ခွင့်ကြေး အကုန်ပြန်ရမယ်။အဲ့ဒါကြောင့် ပကန်စခွန် လူကြီးတွေနဲ့ပြောရတာပါ။ ပြီးရင် အလုပ်သမားဥပဒေချိုးဖောက်ထားတာတွေလည်းရှိတယ်။ ဒါတွေကို မြို့နယ်ဆဝါဒီကန်ရုံးနဲ့တိုင်ပင်ဆွေးနွေးတာတော့ အဆင်ပြေပါတယ်။ လက်ရှိညှိနှိုင်းပြီးတဲ့အချိန် မှာတော့ နစ်နာသူအတွက် ပကန်စခွန် အစိုးရသက်မှတ်နှုန်းအတိုင်းထုတ်ခွင့်ရမယ် “လို့ WAG Myanmar က ကိုမုန်တိုင်းကပြောပါတယ်။
ဒါ့အပြင် စက်ရုံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကိုလည်း မြို့နယ်ဝန်ထမ်းတွေဆီ တင်ပြခဲ့ကြတာကြောင့် ဆဝါဒီကန်ရုံးမှတာဝန်ရှိသူက စက်ရုံသူဌေးနဲ့ ကြားစပ်ကုမ္ပဏီတွေအနေနဲ့ အလုပ်သမားအခွင့်အရေးအပြည့်အဝ ပြန်လည်ပေးဆောင်ဖို့ တာဝန်ယူရမယ်လို့ အလုပ်သမားတွေအရှေ့မှာ ထပ်မံပြောကြားခဲ့တယ်လို့ သိရပါတယ်။