အခုခေတ်မှာ လူတွေနဲ့ ဆက်သွယ်ဖို့ နည်းပညာတွေ အများကြီး ရှိနေပေမယ့်လည်း အထီးကျန်မှု ခံစားရသူတွေက ပိုများလာနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အထီးကျန်ခြင်းကို ကျန်းမာရေးခြိမ်းခြောက်မှု တစ်ခုအဖြစ် ကြေညာလိုက်တာပါ။ ဒီအခြေအနေကြောင့် တစ်နာရီကို လူ ၁၀၀ နီးပါး၊ တစ်နှစ်ကို ၈ သိန်းကျော် သေဆုံးနေရတယ်လို့လည်း ထုတန်ပြချက်မှာ ဖော်ပြပါတယ်။  

အထီးကျန်ခြင်းဆိုတာ ဘယ်အရွယ်မဆို လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ လူငယ်တွေ၊ ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေမှာ ပိုဖြစ်တတ်ပြီး ဒီဂျစ်တယ်ခေတ်မှာတောင် လူတွေဟာ တစ်ယောက်တည်းဖြစ်နေတယ်လို့ ခံစားကြရတာမျိုးပါ။ ဆက်ဆံချင်သူတွေ ရှိတယ်၊ စကားပြောချင်တဲ့ သူတွေ ရှိတယ်။ ဒါပေမယ့် အဲဒီလိုဆက်သွယ်ဖို့ အခွင့်အလမ်း မရှိတာကြောင့် တဖက်သတ် နာကျင်မှု ဖြစ်လာတာပါ။

WHO ရဲ့ အသစ်ထုတ်တဲ့ အစီရင်ခံစာအရ 

  • လူ ၆ ယောက်မှာ ၁ ယောက်က အထီးကျန်နေတယ်လို့ ခံစားနေရပါတယ်။
  • အသက် ၁၃နှစ်ကနေ ၂၉ နှစ်ကြားလူငယ်တွေထဲမှာလည်း ၁၇% ကနေ ၂၁% လောက်ထိ အထီးကျန်မှု ခံစားနေရပါတယ်။
  • ဝင်ငွေနည်းတဲ့နိုင်ငံတွေရဲ့ လူဦးရေ ၂၄% ခန့်က အထီးကျန်မှုခံစားရပြီး ဝင်ငွေများတဲ့နိုင်ငံတွေထက် နှစ်ဆနီးပါး ပိုများပါတယ်။ 
  • တချို့အဖွဲ့အစည်းတွေ၊ ဥပမာ – LGBTQ+, ရွှေ့ပြောင်းနေထိုင်သူတွေ၊ ဒုက္ခသည်တွေ နဲ့ မသန်စွမ်းသူတွေကို ပိုပြီး ခွဲခြားဆက်ဆံတာတွေကြောင့်လည်း လူမှုဆက်သွယ်မှု ရရှိဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

အထီးကျန်မှုရဲ့ သက်ရောက်မှု

အထီးကျန်ခြင်းနဲ့ လူမှုရေးဆက်သွယ်မှုမရှိခြင်းတို့ဟာ ကျန်းမာရေး ၊ ပညာရေးနဲ့ အလုပ်အကိုင် အတွက် မကောင်းတဲ့အကျိုးသက်ရောက်မှုတွေအများကြီးရှိပါတယ်။

  • စိတ်ကျန်းမာရေး ချို့ယွင်းမှု၊ စိတ်ဓာတ်ကျခြင်းနဲ့ မိမိကိုယ်ကိုသတ်သေဖို့ စဉ်းစားတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။
  • နှလုံးရောဂါ၊ ဆီးချို၊ မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ အသက်တိုခြင်းအထိ ဖြစ်နိုင်ပါတယ်။
  • ဆယ်ကျော်သက်တွေမှာ မိမိကိုယ်ကို သုံးသပ်မှုအားနည်းလာတာကြောင့် အရည်အချင်းနည်းလာပြီး ပညာရေးအောင်မြင်မှုလည်း အားနည်းလာတတ်ပါတယ်။
  • လူကြီးတွေအနေနဲ့ အလုပ်ရှာဖွေဖို့ ဒါမှမဟုတ် ထိန်းသိမ်းဖို့  ပိုခက်ခဲသွားတတ်ပြီး ဝင်ငွေနည်းပါးလာနိုင်တယ်။

ဘယ်လိုဖြေရှင်းနိုင်လဲ

လူတိုင်း အထီးကျန်တယ်လို့ ခံစားဖူးကြပါတယ်။ ဒါပေမဲ့ ရိုးရှင်းတဲ့ နေ့စဉ်လုပ်ဆောင်မှုလေးတွေကနေစပြီး ပြောင်းလဲမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဥပမာ 

  • တစ်စုံတစ်ယောက်ကို စကားပြောဖို့ ဆက်သွယ်တာ 
  • ဖုန်းကို ဘေးချထားပြီး စကားပြောဆိုဖို့ ပိုအာရုံစိုက်တာ
  • အိမ်နီးချင်းကို မနက်ခင်းမှာ နှုတ်ဆက်တာ
  • ရပ်ရွာက စေတနာ့ဝန်ထမ်း အဖွဲ့တစ်ခုခုမှာ ပါဝင်တာမျိုးတွေပါ။ 

အထီးကျန်မှုကို ဖြေရှင်းဖို့ နည်းလမ်းတွေက နိုင်ငံအဆင့်၊ ရပ်ရွာအဆင့်နဲ့ တစ်ဦးချင်းအဆင့်တွေမှာ ရှိပါတယ်။ လူတွေကို အသိပညာပေးတာ၊ နိုင်ငံတော်မူဝါဒတွေ ပြောင်းလဲတာ၊ ပန်းခြံတွေ၊ စာကြည့်တိုက်တွေလို လူမှုရေးအခြေခံအဆောက်အအုံတွေကို ပိုမိုခိုင်မာအောင် လုပ်တာနဲ့ စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေ ပေးတာ စတဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။

အထီးကျန်ခြင်းရဲ့ ဆိုးကျိုးတွေက ကြီးမားပေမယ့် လူမှုဆက်သွယ်မှုရဲ့ အကျိုးကျေးဇူးတွေက အများကြီး ကျယ်ပြန့်ပါတယ်။လူတိုင်းအနေနဲ့ မိမိအနားရှိသူအတွက် နားထောင်ပေးခြင်း၊ ပြန်လည်ဆက်သွယ်ခြင်းတွေနဲ့ တစုံတယောက်ကို ပံ့ပိုးပေးတာက အထီးကျန်မှုကို လျှော့ချဖို့အတွက် အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာနိုင်ပါတယ်။

Share.
Leave A Reply

Exit mobile version