မြန်မာနိုင်ငံမှာ “လက်အုပ်ချီခြင်း” ဆိုတာက ရိုးရာယဉ်ကျေးမှုတစ်ခုပါ။ ထိုင်းလူမျိုးတွေအတွက်လည်း လက်အုပ်ချီတာက အရိုအသေပေးတဲ့ အရေးကြီးဆုံးနည်းလမ်းတစ်ခုပါပဲ။ ထိုင်းမှာ Wai (ဝိုင်)လို့ ခေါ်တဲ့ လက်အုပ်ချီခြင်းက အမျိုးအစားသုံးမျိုးရှိပါတယ်။

ပထမတစ်မျိုးအနေနဲ့ ဘုရားပုထိုး၊ စေတီ၊ ဆင်းတုတော်နဲ့ သံဃာအရှင်သူမြတ်တွေကို ဂါရဝပြုတဲ့အခါ။ဒီအခါမှာ လက်အုပ်ကို ရင်ဘတ်ထိပ်မှာထားပြီး၊ လက်မက မျက်ခုံးနှစ်ခုကြားကို ထိရပါမယ်။ခေါင်းကိုလည်း အနည်းငယ်ငုံ့ပြီး လေးစားမှုအပြည့်နဲ့ ဆုတောင်းကြပါတယ်။

ဒုတိယတစ်မျိုးကတော့ အဘိုးအဘွား၊ ဆရာသမား၊ အသက်ကြီးသူတွေကို နှုတ်ဆက်တဲ့အခါ။ဒီအခါမှာတော့ လက်မက နှာခေါင်းထိပ်ကို ထိနေရပါမယ်။ ဒီပုံစံက ကိုယ့်ထက် ဂုဏ်ကြီးသူ၊ အတွေ့အကြုံရှိသူ၊ ကျေးဇူးရှင်တွေကို လေးစားကြောင်း ပြသတဲ့ နည်းလမ်းဖြစ်ပါတယ်။ မြန်မာပြည်မှာ အသက်ကြီးသူတွေကို လက်အုပ်ချီပြီး ဦးညွတ်ဂါရဝပြုတာနဲ့ သဘောချင်း တူညီပါတယ်။

တတိယတစ်မျိုးကတော့ သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သက်တူရွယ်တူတွေကို နှုတ်ဆက်တဲ့အခါ။ဒီတစ်ခါမှာတော့ လက်မဟာ မေးဖျားနဲ့ ထိနေရပါမယ်။ ပြီးတော့ “Sawadee kha” ဒါမှမဟုတ် “Sawadee krap” လို့ ပြောပြီး နှုတ်ဆက်ရပါမယ်။ ဒီလိုလုပ်ခြင်းက ကိုယ့်ရဲ့ ယဉ်ကျေးသိမ်မွေ့မှုကို ပြသရုံသာမကပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို လေးစားမှုရှိတဲ့သူတစ်ယောက် ဖြစ်ကြောင်းလည်း ပိုပြီးပေါ်လွင်စေပါတယ်။

ဒီတော့ မြန်မာ့လက်အုပ်ချီတဲ့အလေ့အထ နဲ့ ထိုင်းရဲ့ Wai (ဝိုင်) ယဉ်ကျေးမှုကို လေ့လာကြည့်လိုက်ရင် လေးစားမှုကို ဘယ်လောက် အလေးထားလဲဆိုတာ မြင်နိုင်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့သူဖြစ်ဖြစ်  ခရီးသွားတဲ့သူဖြစ်ဖြစ် အခုလို ထိုင်းတွေရဲ့ လက်အုပ်ချီတဲ့ပုံစံနဲ့ အဓိပ္ပါယ်တွေကို နားလည်ထားတာ ကောင်းပါတယ်နော်။

Share.
Leave A Reply

Exit mobile version