ထိုင်းမှာ အလုပ်လုပ်ကိုင်နေပြီဆို ရွှေ့ပြောင်းအလုပ်သမားတွေအားလုံး ကျန်းမာရေး အာမခံ ရှိထားဖို့ လိုအပ်ပါတယ်။ ပကန်စခွန်ဖြစ်တဲ့ လူမှုဖူလုံရေး မလုပ်ရသေးသူတွေ ဒီသက်တမ်းအတောအတွင်းမှာ ကျန်းမာရေးကုသမှုရဖို့ အကာကွယ်ပေးပါတယ်။ ဒီစနစ်ကို ရွေ့ပြောင်းလုပ်သား ကျန်းမာရေး အာမခံ Migrant Health Insurance Scheme (MHIS) လို့ခေါ်ပြီး၊ ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာန( MOPH)က  တာဝန်ယူပြီး စီမံခန့်ခွဲပါတယ်။  

အာမခံအတွက် ဘာတွေလိုအပ်လဲ 

ကျန်းမာရေး စစ်ဆေးမှု (Health Check-up)

ထိုင်းနိုင်ငံရှိ ပြည်သူ့ဆေးရုံတစ်ခုမှာ ကျန်းမာရေး စစ်ဆေးမှု ခံယူရပါမယ်။ ဒီစစ်ဆေးမှုမှာ တီဘီ၊ ဆစ်ဖလစ်၊ ငှက်ဖျား၊အနာကြီးရောဂါနဲ့ အခြား ကူးစက်ရောဂါတွေကို စစ်ဆေးပေးပါတယ်။

နှစ်စဉ် ပရီမီယံကြေး ပေးသွင်းခြင်း

MHIS အစီအစဉ်ကို နှစ်စဉ် ပရီမီယံကြေး အနည်းငယ် ပေးဆောင်ပြီး ပါဝင်နိုင်ပါတယ်။ဒါ့အပြင် ဆေးရုံသွားပြတိုင်းမှာလည်း ပူးတွဲပေးဆောင်ရမယ့် အခကြေးငွေ (co-pay) အနည်းငယ် ရှိပါမယ်။ ကုန်ကျစရိတ်အတိအကျကိုတော့ ကိုယ်စာရင်းသွင်းမယ့် ပြည်သူ့ဆေးရုံမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။


MHIS ကို ဘယ်သူတွေ ပါဝင်နိုင်လဲ –

  • တရားဝင်စာရွက်စာတမ်းရှိပြီး သာမန်လုပ်ငန်းခွင်မှာ လုပ်ကိုင်နေသူများ။
  • လူမှုဖူလုံရေး အာမခံ စနစ် အကျုံးမဝင်တဲ့ လုပ်ငန်းခွင် က တရားဝင်လုပ်သားများ။
  • လူမှုဖူလုံရေးအာမခံစနစ် မှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီပေမယ့် အကျုံးမဝင်သေးတဲ့ ပထမဆုံး သုံးလတာကာလအတွက် အာမခံလိုအပ်သူ အလုပ်သမားအသစ်များ။ 
  • တရားဝင်စာရွက်စာတမ်း အပြည့်အစုံရှိတဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ်များ။ 
  • ထိုင်းနိုင်ငံကို MoU စနစ်၊ နယ်စပ်ဖြတ်ကျော်(Border Pass) စနစ်နဲ့ လုပ်ငန်းစဉ်တွေကနေတဆင့် ရောက်ရှိလာတဲ့ ရွှေ့ပြောင်းလုပ်သားအားလုံး ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရှိပါတယ်။

ဘယ်နေရာတွေမှာ အသုံးပြုနိုင်လဲ?

  • MHIS ကို ကိုယ်စာရင်းသွင်းထားတဲ့ ပြည်သူ့ဆေးရုံမှာသာ အဓိက အသုံးပြုနိုင်ပါတယ်။ အာမခံ အကျုံးဝင်မှုကာလ တစ်နှစ်တာ အတွင်း ကိုယ်ရွေးချယ်ထားတဲ့ ဆေးရုံကို ပြောင်းလဲခွင့် မရှိပါဘူး။ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေက ပိုမိုနက်နဲတဲ့ ကုသမှုတွေ လိုအပ်လာရင်တော့ စာရင်းသွင်းထားတဲ့ ဆေးရုံကနေ အခြားဆေးရုံတွေကို လွှဲပြောင်းပေးနိုင်ပါတယ်။

MHIS အကျုံးဝင်တဲ့ ဝန်ဆောင်မှုတွေက ဘာတွေလဲ

  • နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှု
  • ယေဘုယျ ဆေးကုသမှု (ဆွေးနွေးတိုင်ပင်ခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်း)
  • ကလေးမီးဖွားခြင်း နဲ့ စောင့်ရှောက်မှု
  • သွားနှင့်ခံတွင်း စောင့်ရှောက်မှု
  • ကလေး ကျန်းမာရေး စောင့်ရှောက်မှု
  • အရေးပေါ် ဆေးကုသမှု
  • HIV/AIDS ဆေးဝါးများ
  • ကူးစက်ရောဂါ ကာကွယ်ခြင်း ဝန်ဆောင်မှုများ
  • အခြေခံ လိုအပ်တဲ့ ဆေးဝါးတွေ စသဖြင့် ပါဝင်ပါတယ်။

အရေးပေါ်ရောဂါအချို့မှာတော့ သတ်မှတ်ထားတဲ့ အခြေအနေတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် အင်္ဂါအစားထိုးခြင်း၊ အလှအပဆိုင်ရာ ခွဲစိတ်မှု၊ ကျောက်ကပ်ဆေးခြင်း ၊မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးနဲ့ စိတ်ရောဂါကုသမှု စတဲ့ ကုသမှုအချို့ကတော့ MHIS မှာ အကျုံးမဝင်ပါဘူး။

MHIS နဲ့ လူမှုဖူလုံရေးစနစ် အကြား ကွာခြားချက်

MHIS နဲ့ လူမှုဖူလုံရေးစနစ်  (Social Security Fund) က ထိုင်းနိုင်ငံက ကျန်းမာရေး အာမခံ အစီအစဉ်တွေ ဖြစ်ပေမယ့် ရည်ရွယ်ချက်နဲ့ အကျုံးဝင်မှုမှာ ကွာခြားပါတယ်။အတိုချုပ်ပြောရရင် MHIS ဟာ ရွှေ့ပြောင်းလုပ်သားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို ပေးတဲ့အစီအစဉ်ဖြစ်ပြီး၊ လူမှုဖူလုံရေးအာမခံ ( Social Security Fund ) ကတော့ ထိုင်းနိုင်ငံရဲ့ ပိုမိုပြည့်စုံတဲ့ လူမှုဖူလုံရေးစနစ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

Ref : pacific prime / IOM

Share.
Leave A Reply

Exit mobile version