ထိုင်းနိုင်ငံ ချွန်ဖွန်ပြည်နယ်မှာ ဆီအုန်းစိုက်ခင်းအတွင်း တရားမဝင်ဖွင့်ထားတဲ့ ကြက်တိုက်လောင်းကစားကွင်း တစ်ခုကို ဖမ်းဆီးရာမှ မြန်မာအပါအဝင် ထိုင်းလူမျိုး စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ 

ဇွန်လ ၂၃ ရက်နေ့မှာ ချွန်ဖွန်ပြည်နယ် လှောင်ဆွန်းခရိုင်အတွင်းရှိ စိုက်ပျိုးရေးမြေအတွင်း ကြက်တိုက်လောင်းကစားကွင်း တစ်ခုကို တရားမဝင်ဖွင့်လှစ်ထားကြောင်း သတင်းရရှိတာကြောင့် သွားရောက်စစ်ဆေးရာမှ ခုလို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ 

အာဏာပိုင်တွေရောက်ရှိချိန်တွင် ကြက်တိုက်ကွင်းမှာ လူအယောက်၃၀ ခန့်တွေ့ရှိခဲ့ပြီး ဖမ်းဆီးမှုအတွင်း ထိုင်းလူမျိုးနဲ့ မြန်မာနိုင်ငံသားစုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး တိုက်ကြက် ၂ စုံ၊ တိုက်ကွင်း ၁ ခု၊ ကြက်ဆူးတိပ်အနီ/အပြာ၊ ငွေသား ၄၀၀ ဘတ်နှင့် လောင်းကစားမှတ်တမ်းစာအုပ် တို့ပါဝင်တဲ့ သက်သေတချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ၎င်းနေရာမှာ လောင်းကစားသမားများအတွက် ခေါက်ဆွဲခြောက်၊ စီးကရက် နဲ့ အဖျော်ယမကာတွေကိုလည်း ရောင်းချထားတယ်လို့ဆိုပါတယ်။ 

စုံစမ်းစစ်ဆေးမှုအရ အဆိုပါကြက်တိုက်ကွင်းကို ထိုင်းသူဌေးတစ်ဦးက ပိုင်တာဖြစ်ပြီး မြန်မာအလုပ်သမားတစ်ဦးရဲ့နာမည်သုံးကာ လျှို့ဝှက်ဖွင့်ထားတယ်လို့ သိရပါတယ်။ 

၎င်းကြက်တိုက်ကွင်းမှာ နိုင်ငံခြားသားလုပ်သားအများအပြားရှိပြီး အများအားဖြင့် ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားလုပ်သားများဖြစ်ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး ထိုင်းလူမျိုးများအနေနှင့်လည်း ရင်းနှီးတဲ့သူတွေသာ ဝင်ကစားခွင့်ရှိတယ်လို့ ဆိုပါတယ်။

သတင်း – mgr 

Share.
Leave A Reply

Exit mobile version