ထောင်ဖာဖွန်မြို့နယ်မှာ မလေးရှားနဲ့ ဘန်ကောက်သို့သွားရန်အတွက် တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၁ ဦးနဲ့ လမ်းပြ ၁ ဦးတို့ကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ 

တရားမဝင် ဝင်လာသူတွေကို သယ်ဆောင်လာတဲ့ယာဉ်ရှိကြောင်း သတင်းပေးချက်အရ မသင်္ကာစရာယာဉ်တစ်စီးကို စစ်ဆေးရာမှ ဇွန်လ ၂၃ ရက်နေ့ မနက် ၃ နာရီခွဲအချိန်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အာဏာပိုင်တွေက ဖမ်းမိခဲ့တာပါ။ 

ဖမ်းဆီးခံရမှုတွင် အမျိုးသား ၃၂ ဦး ၊ အမျိုးသမီး ၈ ဦး နဲ့ ကလေး ၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။ အမျိုးသား ၃၂ ဦးနဲ့ ကလေး ၁ ဦးမှာ မလေးရှားသို့သွားရောက်ရန်အတွက် တစ်ဦးလျှင် ၅၅,၀၀၀ ဘတ်ခန့်ပေးခဲ့ရပြီး အမျိုးသမီး ၈ ဦးမှာ ဘန်ကောက်သို့ သွားရောက်ရန်အတွက် ဘတ် ၁၅၀၀၀ ခန့် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

မေးမြန်းချက်အရ တရားမဝင်ဝင်လာသူများမှာ မြန်မာနိုင်ငံ ရန်ကုန်၊ မော်လမြိုင်၊ ချင်းတွင်းနဲ့ ပုဂံတို့မှ ဝင်လာခဲ့ကြတာဖြစ်ပြီး စန်ကလာဗူရီခရိုင်ရှိ ထိုင်းနယ်စပ်ကိုဖြတ်၍ လှေတစ်ဆင့်စီးခဲ့ရပြီးနောက် ကားနဲ့ထွက်ခွါလာရာမှ အခုလိုဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ 

သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးခံရသူများကို ထောင်ဖာဖွန်ရဲစခန်းသို့ ပို့ဆောင်ကာ စုံစမ်းရေးအရာရှိထံ လွှဲပြောင်း၍ တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ 

သတင်း – ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี

Share.
Leave A Reply

Exit mobile version